Thursday, October 9, 2014

ရောင်ပြန်



ပုံပြင်တွေကို သူငယ်ချင်းတို့ ရင်းနှီးပါသလား။ “မယုံရင်ပုံပြင်မှတ်”….လို့ ပြောကြပေမယ့် ပုံပြင်ထဲကအကြောင်းအရာတွေ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ….ယုတ္တိရှိသည်ဖြစ်စေ ယုတ္တိမရှိသည်ဖြစ်စေ….ပုံပြင်တစ်ခုစီတိုင်းမှာ လူသားတွေကို အကျိုးပြုလိုတဲ့ ရည်ရွယ်ချက်ကောင်းလေး အနည်းဆုံးတစ်ခုစီတော့ ပါတတ်ပါတယ်။ဒါကြောင့်လည်း ခေတ်အဆက်ဆက် လူကြီးသူမတွေက ကလေးလေးတွေ ပညာယူတတ်စေဖို့ အပျင်းလည်းပြေ ဗဟုသုတလည်းရ အသိလည်းတိုးစေမယ့် ပုံပြင်လေးတွေကို လက်ဆင့်ကမ်းပြောကြားခဲ့တာပေါ့။
***********************************************************
ဒီရက်ပိုင်းအတွင်း ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ဖတ်ဖြစ်ပါတယ်။ပညာယူစရာလေးတစ်ခု သတိထားမိလို့ ပြန်လည်မျှဝေချင်ပါတယ်။
English ပုံပြင်လေးတစ်ပုဒ်မို့ အားလုံးဖတ်လို့အဆင်ပြေအောင် ကျွန်တော် မြန်မာမှုပြုထားပါတယ်။ထုံးစံအတိုင်း ဟိုး….ရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာက စလိုက်မယ်နော်….:) ။
**************************************************************
ဟိုး…..ရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ တိုင်းသူပြည်သားတွေကို မင်းကျင့်တရားဆယ်ပါးနဲ့ အညီအုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။အဲဒီ့ဘုရင်ကြီးမှာ ထူးခြားတဲ့ဝိသေသ တစ်ခုလည်းရှိသေးသတဲ့။အဲဒါကတော့ ဘုရင်ကြီးဟာ အနုပညာသုခုမလက်ရာတွေကို အလွန်နှစ်သက်မြတ်နိုးတတ်တာပါပဲ။နန်းတော်ကြီးတစ်ခုလုံးကိုလည်း အံ့မခန်းအနုပညာလက်ရာတွေနဲ့ ခြယ်မှုန်းထားတဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေကိုလည်း လက်ရာကျော်အနုပညာရှင်ကြီးတွေကို အပ်နှံပြီး သွန်းလုပ်စေသတဲ့။သူအုပ်ချုပ်မင်းလုပ်ရာ တိုင်းပြည်ထဲက အနုပညာရှင်တွေကိုလည်း ကျွမ်းကျင်ရာနယ်ပယ်အလိုက် မြှောက်စားတဲ့ ဘုရင်ကြီးပေါ့။
တစ်နေ့မှာတော့ ပန်းချီပညာရှင်တစ်ဦးဟာ ဘုရင်ကြီးရှိရာ နန်းတွင်းကို အခစားဝင်ပါတယ်။ပြီးတော့ ဘုရင်ကြီးကို အခုလို လျှောက်တင်သတဲ့။
“အို….ဘုရင်မင်းမြတ်။ဘုရင်မင်းမြတ်ရဲ့ နန်းတော်အတွင်းက နံရံလွတ်တစ်ခုကို ကျွန်တော်မျိုးအား ပေးသနားတော်မူပါ။နံရံလွတ်ပေါ်မှာ ကျွန်တော်မျိုး အံ့မခန်းလှပအသက်ဝင်တဲ့ ပန်းချီကားကို ဆွဲပေးပါ့မယ်။အရှင်မင်းကြီး ရွှေစိတ်တော်မငြိုငြင်စေရပါဘူး…..” လို့ ကတိပေးလိုက်ပါတယ်။
ပန်းချီပညာရှင်ကြီးရဲ့ စကားကို ကြားတော်မူတာနဲ့တပြိုင်နက် အနုပညာရှင်တွေကို မြှောက်စားတဲ့ ဘုရင်ကြီးဟာ ချက်ချင်းပဲ သူရဲ့နန်းတော်အတွင်းမှာ အခန်းကျယ်ကြီးတစ်ခုကို တည်ဆောက်စေသတဲ့။
“ကဲ…မောင်မင်း…..စိတ်တိုင်းကျ နံရံတစ်ဘက်ကို ခြယ်မှုန်းစေဗျား….” ပေါ့။
ပန်းချီပညာရှင်ကြီးကလည်း ချက်ချင်းပဲ လုပ်ငန်းစတော့တာပေါ့။အဲဒီ့ အချိန်မှာပဲ ဘုရင်ကြီးဆီကို နောက်ထပ် လူတစ်ယောက်က အခစားဝင်လာပြန်ပါရော။သူက….
“အို…ဘုရင်မင်းမြတ်…ကျွန်တော်မျိုးအားလည်း လွတ်နေသော နံရံတစ်ဘက်ကို ပေးတော်မူပါ။ကျွန်တော်မျိုးသည်လည်း ပန်းချီပညာရှင်တစ်ဦးဖြစ်ပါတယ်…” လို့ လျှောက်တင်ပါတယ်။
ဒီတော့ ဘုရင်ကြီးက…. “မောင်မင်းကရော….ဘာတွေများ လက်စွမ်းပြမှာလဲ…”လို့ မေးတော်မူတာပေါ့။
“ကျွန်တော်မျိုးကလည်း ပန်းချီကားတစ်ခုဖန်တီးမှာပါ။ပိုပြီးတိတိကျကျပြောရရင် ပထမပန်းချီဆရာကြီးဆွဲတဲ့ ပန်းချီအတိုင်း တသွေမတိမ်း အတိအကျ တူရပါစေ့မယ်။ဟိုဘက်နံရံကို ကျွန်တော်မျိုး လုံးဝမကြည့်ပဲ ထပ်တူညီအောင် ဖန်တီးမှာပါ။အရှင်မင်းကြီးအနေနဲ့ နံရံနှစ်ခုအကြားမှာ အလွန်တရာထူထဲပြီး အလင်းမဖောက်နိုင်တဲ့ တင်းတိမ်(လိုက်ကာ)တစ်ခု ခြားထားပေးတော်မူပါ…” လို့ လျှောက်တင်လိုက်သတဲ့။

ဟော…..ပုံပြင်လေးက နည်းနည်းပိုစိတ်ဝင်စားစရာကောင်းလာပါပြီ။ ကျွန်တော်တို့ စိတ်ဝင်စားသွားသလို ဘုရင်ကြီးကလည်း စိတ်ဝင်စားတာပေါ့။သူ နှစ်သက်မြတ်နိုးတဲ့ ပန်းချီပညာကို ပြိုင်ပွဲတစ်ခုလို…လှို့ဝှက်ချက်တခုလို အနေနဲ့ မြင်ရမှာဆိုတော့ ဒုတိယပန်းချီဆရာလေးရဲ့ လျှောက်တင်ချက်ကို ချက်ချင်းလက်ခံတော်မူသတဲ့။ပထမပန်းချီဆရာကြီးကလည်း သူဆွဲတဲ့ပန်းချီကားအတိုင်း ထပ်တူညီလိုက်ဆွဲပါ့မယ်လို့ ပြောတဲ့ ပန်းချီဆရာလေးကို နားမလည်နိုင်ပေမယ့် သူလုပ်ရမယ့်အလုပ်ကိုပဲ အာရုံစူးစိုက်ထားလိုက်ပါသတဲ့။
နောက်တနေ့မှာတော့ နန်းတော်ခန်းမထဲမှာ ထူထဲတဲ့တင်းတိမ်စကြီးကာထားပြီး အသင့်ဖြစ်နေပါပြီ။ပန်းချီဆွဲကြမယ့် ပန်းချီဆရာတွေကလည်း လုပ်ငန်းခွင်ဝင်ကြပြီပေါ့။ ပထမပန်းချီဆရာကြီးဟာ ပန်းချီဆရာတစ်ယောက်ယူရမယ့် ဆေး၊စုတ်တံ၊ရေ အစရှိသဖြင့် အစုံအလင်သယ်ဆောင်ပြီး အခန်းတွင်းဝင်ပါသတဲ့။ဒုတိယပန်းချီဆရာလေးကတော့ အ၀တ်စတစ်ခုနဲ့ ရေတစ်ပုံးကိုပဲ သယ်ယူသွားပါတယ်။နေ့တိုင်းလည်း ဒီလိုပဲ သယ်ယူပြီး အခန်းထဲကို ၀င်ဝင်သွားပါသတဲ့။
ဒီလိုနဲ့ တစ်လပြည့်တဲ့နေ့မှာတော့ ပထမပန်းချီဆရာကြီးဟာ သူ့ရဲ့ပန်းချီကားကို စိတ်တိုင်းကျခြယ်မှုန်းပြီးပြီမို့ အရှင်မင်းကြီး ရှုစားတော်မူပါလို့ လျှောက်တင်ပါတယ်။ဘုရင်ကြီးကလည်း ချက်ချင်းလိုပဲ ဒုတိယပန်းချီဆရာလေးကို မေးတာပေါ့။ ပန်းချီဆရာလေးကလည်း ကျွန်တော်မျိုးလည်း ပြီးစီးအောင်ပြုလုပ်ပြီး ဖြစ်လို့ အရှင်မင်းကြီး ရှုစားတော်မူနိုင်ပါကြောင်းတဲ့….။ဒီတော့ ဘုရင်ကြီးဟာ ခန်းမဆောင်အတွင်းဝင်ပြီး ပထမပန်းချီဆရာကြီးရဲ့ လက်ရာကို အရင်ရှုစားတော်မူပါတယ်။သိပ်ကို လှပပြီး အံ့မခန်းသက်ဝင်တဲ့ ရှုခင်းပန်းချီကားကို ရင်သပ်ရှုမောစရာ တွေ့လိုက်ရပါသတဲ့။ပန်းချီလက်ရာက အသက်ဝင်လှပလွန်းလို့ ဘုရင်ကြီးဟာ အင်မတန်နှစ်ထောင်းအားရတော်မူတာပေါ့။ပန်းချီဆရာကြီးကိုလည်း ဆုတော်ငွေတွေ ချီးမြှင့်သတဲ့။
ကဲ…အခုတော့ ကျွန်တော်တို့စောင့်နေမိတဲ့ ဒုတိယပန်းချီဆရာလေးအလှည့်ပေါ့။သူ့ပန်းချီကားက ပထမပန်းချီဆရာကြီးလက်ရာအတိုင်း တသွေမတိမ်းတူရပါစေ့မယ်လို့ အာမခံထားတာလေ။ပြီးတော့ ထူးထူးခြားခြား တဘက်လူရဲ့လက်ရာကိုလည်း လုံးဝမကြည့်ပဲ တူအောင်ဆွဲမယ်ဆိုတော့ စိတ်ဝင်စားစရာပေါ့။ဒုတိယပန်းချီဆရာလေးရဲ့ လက်ရာကို အကဲခတ်ဖို့အတွက် ဘုရင်ကြီးက သူ့ရဲ့မင်းချင်းတွေကို အလယ်မှာကာထားတဲ့လိုက်ကာစကြီးကို ဖယ်ရှားဖို့ အမိန့်ပေးလိုက်တာပေါ့။ဒါမှသာ လက်ရာနှစ်ခု ထပ်တူကျမကျဆိုတာကို အကဲဖြတ်နိုင်မှာလေ။လိုက်ကာစကို ဖယ်လိုက်လို့ ဒုတိယပန်းချီဆရာလေးတာဝန်ယူထားတဲ့ နံရံတဘက်ခြမ်းကို ကြည့်မိလိုက်တယ်ဆိုရင်ပဲ…..လှပပြီး အံ့မခန်းသက်ဝင်တဲ့ ရှုခင်း….ဟုတ်တယ် ခုနက ပန်းချီဆရာကြီးရဲ့လက်ရာအတိုင်း ကောက်ကြောင်းတစ်ခုချင်းအတိုင်း အကွေ့အ၀ိုက်တစ်ခုချင်းအတိုင်း နေရာမလွဲ ထပ်တူညီနေတဲ့ ပန်းချီလက်ရာကို တွေ့လိုက်ရသတဲ့။ကြည့်ရှုနေကြတဲ့ မင်းပရိသတ်အပေါင်းလည်း တအံ့တသြပေါ့။ဘာပဲဖြစ်ဖြစ် သူတာဝန်ယူအာမခံထားတဲ့အတိုင်း လုပ်ဆောင်နိုင်တဲ့ ပန်းချီဆရာလေးကို ဘုရင်ကြီး ဆုတော်ငွေတွေ အများကြီးချီးမြှင့်တော်မူပါတယ်။ဒါပေမယ့် “မောင်မင်း ဒီလိုလက်ရာထပ်တူညီအောင် သင်ဘယ်လိုလုပ်တယ်ဆိုတာ လျှောက်တင်စမ်းကွဲ့….။နေ့စဉ် ရေတစ်ပုံးနဲ့ အ၀တ်စတစ်ခုသာ ယူဆောင်တဲ့ မောင်မင်းရဲ့ လုပ်ရပ်ကိုလည်း စောင့်ကြည့်နေတဲ့ အစောင့်ရဲမက်က ငါကိုယ်တော်ကို သတင်းပေးထားတယ်….ဖြစ်ကြောင်းကုန်စင် သံတော်ဦးတင်စေ…” လို့ မိန့်တော်မူတာပေါ့။ဒီတော့မှ ပန်းချီဆရာလေးက…
“မှန်လှပါ…..လျှောက်တင်ပါမည် အရှင်မင်းကြီး။ကျွန်တော်မျိုးဟာ ကျွန်တော်မျိုးတာဝန်ယူရတဲ့ နံရံပေါ်မှာ မည်သည့်ပန်းချီကိုမျှ ခြယ်မှုန်းထားခြင်း မရှိပါ။နေ့စဉ်မှန်မှန် ကျွန်တော်မျိုးလုပ်ဆောင်သည်မှာ နံရံကို ချောမွတ်အောင် ပွတ်တိုက်ခြင်း( polish) သာ ဖြစ်ပါသည်…” တဲ့။
ဟုတ်တာပေါ့……သလင်းကျောက်ဖြူနဲ့ တည်ဆောက်ထားတဲ့ နံရံကို မှန်လိုအရောင်လက်ပြီး ချောမွတ်နေအောင် ပန်းချီဆရာလေးက နေ့စဉ်ပွတ်တိုက်နေခဲ့တာပါ။ပန်းချီကားကို ရိုက်ခတ်လာတဲ့အလင်းရောင်ပြန်ဟာ ဒုတိယပန်းချီဆရာလေးရဲ့ ချောမွတ်ပြောင်လက်နေတဲ့ နံရံပေါ်ကို ရောက်လာချိန်မှာတော့ တသွေမတိမ်းတူတဲ့ ပန်းချီကားကို ဖြစ်ပေါ်စေတာပေါ့……။
******************************************************************
သူငယ်ချင်းတို့ရေ…ပုံပြင်လေးက ဒီနေရာမှာ အဆုံးသတ်ထားပါတယ်။ပုံပြင်လေးမှာ မှတ်ချက်လေးတစ်ခုလည်း ပါလာပါသေးတယ်။
“သင်တို့ကိုယ် သင်တို့လည်း ချောမွတ်နေအောင် Polish တိုက်ထားပါ။သင့်ရဲ့စိတ်ကို သင့်ရဲ့နှလုံးသားကို ပြောင်လက်တောက်ပနေပါစေ။ဒါမှသာ ဘုရားသခင်ရဲ့ ရောင်ပြန်တွေက သင့်စိတ်ကို လာရိုက်ခတ်နိုင်မှာပါ….”။
ဒါက ပုံပြင်က ပေးချင်တဲ့ message ပေါ့။နည်းနည်းလောက် ချဲ့ပြီးတွေးကြည့်ကြရအောင်လား။
ကမ္ဘာကြီးတစ်ခုလုံးက ကျွန်တော်တို့ရဲ့ ရောင်ပြန်တွေဖြစ်နေနိုင်ပါတယ်။ကျွန်တော်တို့ ဘာတွေဖြစ်နေပါသလဲ….ကမ္ဘာကြီးကလည်း အဲဒီ့အတိုင်းဖြစ်နေပြန်တယ်။ကျွန်တော်တို့ ၀မ်းနည်းနေချိန်၊ပျော်ရွှင်နေချိန်၊စိတ်ဆိုးဒေါသထွက်နေချိန်၊မနာလိုမရှုစိမ့်ဖြစ်နေချိန်….အဲဒီ့အချိန်တွေမှာ ကမ္ဘာကြီးကို ကြည့်လိုက်ပါဦး…..ဘယ်ကိုကြည့်ကြည့် ၀မ်းနည်းစရာ၊ပျော်ရွှင်စရာ၊စိတ်ဆိုးဒေါသဖြစ်စရာ၊မရှုစိမ့်စရာတွေပဲ ဖြစ်နေတတ်ပါတယ်။
တကယ်လို့ သင်ပျော်နေပါသလား….ကမ္ဘာကြီးတစ်ခုလုံးက နတ်ပြည်တမျှသာယာပျော်ရွှင်စရာအတိဖြစ်နေမှာပါ….။
သင့်ကမ္ဘာကို ဘယ်ပုံစံမြင်ချင်ပါသလဲ….သင်ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်…


No comments:

Post a Comment