Thursday, October 9, 2014

ရောင်ပြန်



ပုံပြင်တွေကို သူငယ်ချင်းတို့ ရင်းနှီးပါသလား။ “မယုံရင်ပုံပြင်မှတ်”….လို့ ပြောကြပေမယ့် ပုံပြင်ထဲကအကြောင်းအရာတွေ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ….ယုတ္တိရှိသည်ဖြစ်စေ ယုတ္တိမရှိသည်ဖြစ်စေ….ပုံပြင်တစ်ခုစီတိုင်းမှာ လူသားတွေကို အကျိုးပြုလိုတဲ့ ရည်ရွယ်ချက်ကောင်းလေး အနည်းဆုံးတစ်ခုစီတော့ ပါတတ်ပါတယ်။ဒါကြောင့်လည်း ခေတ်အဆက်ဆက် လူကြီးသူမတွေက ကလေးလေးတွေ ပညာယူတတ်စေဖို့ အပျင်းလည်းပြေ ဗဟုသုတလည်းရ အသိလည်းတိုးစေမယ့် ပုံပြင်လေးတွေကို လက်ဆင့်ကမ်းပြောကြားခဲ့တာပေါ့။
***********************************************************
ဒီရက်ပိုင်းအတွင်း ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ဖတ်ဖြစ်ပါတယ်။ပညာယူစရာလေးတစ်ခု သတိထားမိလို့ ပြန်လည်မျှဝေချင်ပါတယ်။
English ပုံပြင်လေးတစ်ပုဒ်မို့ အားလုံးဖတ်လို့အဆင်ပြေအောင် ကျွန်တော် မြန်မာမှုပြုထားပါတယ်။ထုံးစံအတိုင်း ဟိုး….ရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာက စလိုက်မယ်နော်….:) ။
**************************************************************
ဟိုး…..ရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ တိုင်းသူပြည်သားတွေကို မင်းကျင့်တရားဆယ်ပါးနဲ့ အညီအုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။အဲဒီ့ဘုရင်ကြီးမှာ ထူးခြားတဲ့ဝိသေသ တစ်ခုလည်းရှိသေးသတဲ့။အဲဒါကတော့ ဘုရင်ကြီးဟာ အနုပညာသုခုမလက်ရာတွေကို အလွန်နှစ်သက်မြတ်နိုးတတ်တာပါပဲ။နန်းတော်ကြီးတစ်ခုလုံးကိုလည်း အံ့မခန်းအနုပညာလက်ရာတွေနဲ့ ခြယ်မှုန်းထားတဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေကိုလည်း လက်ရာကျော်အနုပညာရှင်ကြီးတွေကို အပ်နှံပြီး သွန်းလုပ်စေသတဲ့။သူအုပ်ချုပ်မင်းလုပ်ရာ တိုင်းပြည်ထဲက အနုပညာရှင်တွေကိုလည်း ကျွမ်းကျင်ရာနယ်ပယ်အလိုက် မြှောက်စားတဲ့ ဘုရင်ကြီးပေါ့။
တစ်နေ့မှာတော့ ပန်းချီပညာရှင်တစ်ဦးဟာ ဘုရင်ကြီးရှိရာ နန်းတွင်းကို အခစားဝင်ပါတယ်။ပြီးတော့ ဘုရင်ကြီးကို အခုလို လျှောက်တင်သတဲ့။
“အို….ဘုရင်မင်းမြတ်။ဘုရင်မင်းမြတ်ရဲ့ နန်းတော်အတွင်းက နံရံလွတ်တစ်ခုကို ကျွန်တော်မျိုးအား ပေးသနားတော်မူပါ။နံရံလွတ်ပေါ်မှာ ကျွန်တော်မျိုး အံ့မခန်းလှပအသက်ဝင်တဲ့ ပန်းချီကားကို ဆွဲပေးပါ့မယ်။အရှင်မင်းကြီး ရွှေစိတ်တော်မငြိုငြင်စေရပါဘူး…..” လို့ ကတိပေးလိုက်ပါတယ်။
ပန်းချီပညာရှင်ကြီးရဲ့ စကားကို ကြားတော်မူတာနဲ့တပြိုင်နက် အနုပညာရှင်တွေကို မြှောက်စားတဲ့ ဘုရင်ကြီးဟာ ချက်ချင်းပဲ သူရဲ့နန်းတော်အတွင်းမှာ အခန်းကျယ်ကြီးတစ်ခုကို တည်ဆောက်စေသတဲ့။
“ကဲ…မောင်မင်း…..စိတ်တိုင်းကျ နံရံတစ်ဘက်ကို ခြယ်မှုန်းစေဗျား….” ပေါ့။
ပန်းချီပညာရှင်ကြီးကလည်း ချက်ချင်းပဲ လုပ်ငန်းစတော့တာပေါ့။အဲဒီ့ အချိန်မှာပဲ ဘုရင်ကြီးဆီကို နောက်ထပ် လူတစ်ယောက်က အခစားဝင်လာပြန်ပါရော။သူက….
“အို…ဘုရင်မင်းမြတ်…ကျွန်တော်မျိုးအားလည်း လွတ်နေသော နံရံတစ်ဘက်ကို ပေးတော်မူပါ။ကျွန်တော်မျိုးသည်လည်း ပန်းချီပညာရှင်တစ်ဦးဖြစ်ပါတယ်…” လို့ လျှောက်တင်ပါတယ်။
ဒီတော့ ဘုရင်ကြီးက…. “မောင်မင်းကရော….ဘာတွေများ လက်စွမ်းပြမှာလဲ…”လို့ မေးတော်မူတာပေါ့။
“ကျွန်တော်မျိုးကလည်း ပန်းချီကားတစ်ခုဖန်တီးမှာပါ။ပိုပြီးတိတိကျကျပြောရရင် ပထမပန်းချီဆရာကြီးဆွဲတဲ့ ပန်းချီအတိုင်း တသွေမတိမ်း အတိအကျ တူရပါစေ့မယ်။ဟိုဘက်နံရံကို ကျွန်တော်မျိုး လုံးဝမကြည့်ပဲ ထပ်တူညီအောင် ဖန်တီးမှာပါ။အရှင်မင်းကြီးအနေနဲ့ နံရံနှစ်ခုအကြားမှာ အလွန်တရာထူထဲပြီး အလင်းမဖောက်နိုင်တဲ့ တင်းတိမ်(လိုက်ကာ)တစ်ခု ခြားထားပေးတော်မူပါ…” လို့ လျှောက်တင်လိုက်သတဲ့။

Wednesday, March 26, 2014

အလှကိုယ်စီ ရှိကြသည်



တစီစီမြည်နေတဲ့ ပုဇင်းရင်ကွဲအော်သံလေးတွေကလွဲလို့ ဘာသံမှမကြားရပဲ ညကတိတ်ဆိတ်လို့နေပါတယ်။ တချက်တချက် တိုက်ခတ်လာတဲ့ လေပြေညှင်းလေးတွေနဲ့ အလင်းရောင်ဖြာကျနေတဲ့ လမင်းကြီးကြောင့် ညက တိတ်ဆိတ်နေပေမယ့် လှနေပြန်ပါရော။အရင်အချိန်တွေကဆိုရင်တော့ ဒီလိုညအချိန်တွေဆိုတာ ကျွန်မအတွက် စိတ်ဝင်စားစရာမကောင်းခဲ့ပါဘူးလေ။ကိုယ်နေထိုင်ရတဲ့နေရာလေးမှာပဲ အလုံပိတ်နေထိုင်ရင်း ညတွေနေ့တွေကို ဖြတ်သန်းခဲ့ရတာပါ။ညအမှောင်ဆိုတာ ဘာလဲ………နေ့ခင်းအလင်းရောင်ဆိုတာ ဘာလဲရယ်လို့ကို ကွဲကွဲပြားပြားမသိခဲ့သလို စိတ်လည်းမ၀င်စားခဲ့မိပါဘူး။လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မဆိုစလောက်လေး ပွင့်ဟလာတဲ့ နေရာကျဉ်းကျဉ်းလေးတွေကနေ တဆင့် လောကကြီးရဲ့ သဘာဝအလှတွေကို ကျွန်မမြင်ရကြားခဲ့ရပါတယ်။အို……သိပ်လှတဲ့ လောကကြီးပါလား။အပေါက်ကျဉ်းကျဉ်းလေးကနေ တတ်နိုင်သမျှ တစေ့တစောင်း ချောင်းကြည့်ရတာကလည်း ပျော်စရာပေါ့။ဒီလိုနဲ့ပဲ တစထက်တစ ကျွန်မရဲ့ လိုအင်တွေများလာပါတယ်။နေမင်းကြီးရဲ့ အလင်းရောင်ကြောင့် နွေးထွေးမှုကို ကျွန်မ လွတ်လွတ်လပ်လပ်ခံစားချင်လာတယ်။လေပြည်ညှင်းရဲ့ရိုက်ခတ်မှုမှာ ကျွန်မခန္ဓာကိုယ်လေး ယိုင်ထိုးကြည့်ချင်တယ်။အေးမြတဲ့လရိပ်မှာ မှေးစက်ကြည့်ချင်လာပါတယ်။ ဟော…..ဘာလိုလိုနဲ့ မနက်ဖြန်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ရင် လောကကြီးကို ထိတွေ့ခွင့်ရတော့မှာပါလား။လောကကြီးရေ….ကျွန်မကို နွေးထွေးမှုတွေနဲ့ ကြိုဆိုလှည့်နော်….။

လိပ်ပြာလှလှ



“အောက်အီးအီးအွတ်……….”
ဟော…လင်းကြက်တွေတောင်သံပြိုင်အော်နေကြပြီ။အိပ်ရာထဲမှာဆက်ကွေးနေစရာမလိုတော့ဘူးပေါ့။
မနက်မိုးလင်းပြီဆိုတဲ့ အတွေးနဲ့ သူဝမ်းသာအားရ အိပ်ရာက ထလိုက်တယ်။ဟုတ်တယ်လေ….ဒီလို သိပ်အေးတဲ့ ဆောင်းရာသီထဲမှာ အိပ်ရာလို့မခေါ်နိုင်တဲ့ အိတ်ခွံလေးတွေပေါ်မှာ ကွေးနေရတာလောက် စိတ်ပျက်စရာကောင်းတာမရှိဘူးလို့ သားထင်တယ်။သားလိုပဲ မနက်မိုးလင်းတာကို စောင့်နေတဲ့ သားသူငယ်ချင်းတွေလည်း ထလာကြတာကို မြင်နေရတယ်။မြင်နေရဆို…..သားတို့နေတာက ကိုယ့်အိမ်နဲ့ကိုယ် တစ်နေရာစီမှမဟုတ်တာ။သားတို့နေတဲ့နေရာကို လူတွေခေါ်ကြတာတော့ ကျုးကျော်ရပ်ကွက်တဲ့။သူများကျုးကျော်ရပ်ကွက်တွေတော့ ဘယ်လိုပုံလဲ သားမသိဘူး။သားတို့ကျူးကျော်ရပ်ကွက်ကတော့ ချိုင့်ဝှမ်းကြီးထဲမှာ စုပြီး တဲထိုးနေကြတာလေ။မနက်လင်းကြက်တွန်တာနဲ့ သားတို့ရပ်ကွက်ကလူတွေအလုပ်ရှုပ်ကြတော့တာပါပဲ။အခုလည်း သားသူငယ်ချင်းတွေ…အဲလေ..သူငယ်ချင်းဆိုတာထက် လုပ်ဖော်ကိုင်ဖက်တွေဆိုပိုမှန်မှာပါ။သူတို့အားလုံး သားကိုစောင့်နေကြပြီ။

Tuesday, March 25, 2014

သူလေးတို့ဖို့ ရည်ရွယ်သည်



သမီးရေ……..
ဟုတ်ကဲ့…လာပါပြီ မေမေ…….
အလုပ်လုပ်နေရင်း ကြားလိုက်ရတဲ့ အသံလေးကြောင့် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်။ကျွန်တော်အလုပ်လုပ်တဲ့ ဆိုင်မှာပဲ ဆရာတို့မိသားစုနေကြတာမို့ ဆရာ့သမီးငယ် လေးနှစ်အရွယ်ကလေးလေးရဲ့ တီတီတာတာစကားသံတွေနဲ့ ကျွန်တော်ရင်းနှီးနေရတယ်လေ။ဟုတ်ကဲ့ လာပါပြီဆိုတဲ့စကားသံလေး ထွက်လာပေမယ့် လူကတော့ ကွန်ပျူတာရှေ့မှာ ဂိမ်းအဆော့မပျက် တမက်တမောလေး ဆော့နေတာပါ။ဂိမ်းပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်နေတဲ့ ကလေးငယ်ကို ကြည့်ရင်း အခုခေတ်ကလေးငယ်လေးတွေနဲ့ ကျွန်တော်တို့ငယ်စဉ်က ကွာခြားချက်လေးတွေကို ကျွန်တော်တွေးမိ သတိထားမိလာပါတယ်။ကျွန်တော်တို့ငယ်ငယ်ကဆို သူငယ်ချင်းတွေတစ်စုတစ်ဝေးနဲ့ ကစားနည်းပေါင်းစုံ ကစားခဲ့ကြတာပါ။ညဖက် လမ်းမတွေပေါ်မှာ အောင်သူ အောင်သူ လို့ ၀မ်းသာအားရ အော်ဟစ်ရင်း ထုပ်ဆီးတိုးတမ်းကစားခဲ့ကြသလို…..ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ် ဆိုတဲ့အသံတွေလည်း ညံခဲ့ကြပါတယ်။နေ့လည်နေ့ခင်းဆိုရင်တော့ တူတူပုန်းတမ်းတို့ စစ်တိုက်တမ်းတို့ဆော့နေတာကို မြင်နိုင်သလို…..ကလေးတွေအသံတိတ်လှချည်လားဆိုပြီး တွေးမိလို့ ကြည့်လိုက်ရင်လည်း အိုးပုတ် ချိုးရုပ် နဲ့ဆော့ရင် ဆော့ မဟုတ်ရင် ဇယ်တောက်ရင်း ပေသီးထုရင်း ပျော်ရွှင်နေကြတဲ့ကလေးငယ်တွေကို တွေ့ရမှာပါ။လူကြီးမိဘတွေ ကိုယ့်အထက်က အမတွေ အကိုတွေရဲ့ ရုံးပိတ်ကျောင်းပိတ်ရက်တွေဟာလည်း ကလေးငယ်တွေရဲ့ ပျော်စရာအချိန်များပါပဲ။

ကဗျာဆိုတာ မြစ်တစ်စင်းဖြစ်ခဲ့လျှင်



ကဗျာဆိုတာ မြစ်တစ်စင်းဖြစ်ခဲ့လျှင် ဆိုတဲ့ခေါင်းစဉ်လေးတွေ့တာနဲ့ ဒီတစ်ခါကျွန်တော်ရေးမယ့် အကြောင်းအရာလေးက ကဗျာလေးတွေအကြောင်းဆိုတာ ကျွန်တော့်သူငယ်ချင်းတွေရိပ်မိပြီးဖြစ်နေမှာပါ။ဒီရက်ပိုင်း ကျွန်တော် ကဗျာမှော်ဝင်နေတယ်လို့ ပြောလို့ရပါတယ်။ကဗျာတွေဖတ်ရတာ တော်တော်သဘောကျနေမိတယ်။
ကျွန်တော်နဲ့ စာအုပ်လေးတွေ ခင်မင်ရင်းနှီးသလိုပဲ…..ကဗျာလေးတွေနဲ့လည်း ကျွန်တော်မစိမ်းပါဘူး။ကျွန်တော့်ကို ကဗျာဝါသနာပါအောင် ကဗျာမျိုးစေ့ ချပေးခဲ့တာကတော့ ကျွန်တော့ပါပါလေ။ငယ်ငယ်သတည်းက တွေ့သမျှစာအုပ်ဆွဲယူဖတ်တတ်တဲ့ ကျွန်တော် တစ်နေ့တော့ ပါပါ့စာအုပ်စင်ထဲက စာအုပ်လေးတစ်အုပ်ရှာတွေ့ခဲ့ပါတယ်။ရိုးရိုးဗလာစာအုပ်လေးတစ်အုပ်ပေမယ့် အဖုံးမှာရေးထားတာက “ကျွန်တော်ချစ်သော စာအနုနဲ့ ကဗျာတစ်စု” တဲ့လေ။ပါပါက သူသဘောကျတဲ့စာလေးတွေကဗျာလေးတွေကို တစ်စုတစည်းတည်းပြန်ရေးမှတ်ထားတဲ့စာအုပ်လေးပေါ့။အဲဒီ့စာအုပ်လေးထဲက ကျွန်တော်နှစ်သက်တဲ့ကဗျာလေးတွေ သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်။ပထမဆုံးအနေနဲ့ လှိုင်ထိပ်ခေါင်တင် စပ်ဆိုခဲ့တဲ့ကဗျာလေးပါ။
မုန်းဆိုတဲ့ရိပ်သံ
ဓိဌာန်လို့မသုံး
ပန်းတော်ဝင်ပင်ဂမုန်းကိုမှ
နှောင်ကုံးလို့မဆင်……
ကဗျာလေးက တိုပေမယ့် သိပ်လှတဲ့စပ်ဆိုပုံလေးပါ။
နောက်တစ်ပုဒ်က နည်းနည်းတော့ ရယ်စရာကောင်းတယ်။

ကျွန်တော်နှင့် မျောက်တစ်ကောင်အကြောင်း



ကျိကျလိ ……ကျိကျလိ…
အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ အေးအေးဆေးဆေး အနားယူရင်း အတွေးထဲနစ်မျောနေတဲ့ကျွန်တော် ကျေးငှက်လေးတွေရဲ့တွန်ကျူးသံကြောင့် ပါတ်ဝန်းကျင်ကို ပြန်လည်စူးစမ်းမိလိုက်ပါတယ်။အရင်အချိန်တွေမှာလည်း ကျွန်တော်နေထိုင်ရာ ပါတ်ဝန်းကျင်ဒေသမှာ ကျေးငှက်အော်သံလေးတွေကြားနေကျ ဆိုပေမယ့် ဒီတစ်ခါသူတို့လေးတွေ အော်မြည်သံက ပိုမိုကျယ်လောင်နေတယ်လို့ ကျွန်တော်ထင်မိတယ်လေ။ငှက်အော်သံလေးတွေ ဆူညံနေတဲ့ နေရာကို ထသွားကြည့်မိလိုက်တော့ မြင်လိုက်ရတဲ့အရာကြောင့် အံ့အားသင့်မိသွားတယ်။ကျွန်တော်မြင်လိုက်ရတာကတော့ ခြံထောင့်ကသရက်ပင်ပေါ်မှာ မျက်လုံးလေးကလယ်ကလယ်နဲ့ ထိုင်နေတဲ့မျောက်တစ်ကောင်ပါပဲ။ကျွန်တော့်ခြံထဲမှာ မျောက်တစ်ကောင်တွေ့လိုက်ရတာဟာ ကျွန်တော့်အတွက်တော့ အထူးအဆန်းပါပဲ။ကျွန်တော်နေထိုင်ရာမြို့ကလေးက ကျေးလက်ဆန်တယ်ဆိုပေမယ့် ဒီလိုမြို့လယ်ကောင် အိမ်ခြံတွေထဲကို မျောက်တစ်ကောင်ရောက်လာတယ်လို့တော့ ကျွန်တော်မကြားဖူး မကြုံဖူးသေးပါဘူး။အဲ….ကျွန်တော်က သကောင့်သားမျောက်ကို အံ့အားတသင့်ကြည့်နေမိသလိုပဲ သူကလည်း ကျွန်တော့်ကို ပြူးပြူးလေးပြန်ကြည့်နေတယ်ဗျ။သူ့ကို ကြည့်နေရင်း ကြည့်နေရင်းနဲ့ ကျွန်တော်ရယ်ချင်လာမိတယ်။မျောက်တစ်ကောင်ကို အချိန်ပေးပြီး သေသေချာချာမကြည့်ဘူးလို့လား မသိပါဘူး….ကျွန်တော့်စိတ်ထဲမှာ သူ့မျက်နှာက ရယ်စရာတစ်ခုလိုပါပဲ။ပြုံးစိစိဖြစ်နေတဲ့ကျွန်တော့်မျက်နှာကို ပြန်ကြည့်နေတဲ့ အဲဒီ့မျောက်ကလည်း ပြန်ပြုံးပြတယ်ဗျ။အံမယ်…ကြားဖူးထားတဲ့အတိုင်း မျောက်တွေက လူတွေရဲ့အတုလိုက်ခိုးတတ်တယ်ဆိုတာတကယ်ပါလား။
ခြံထောင့်မှာ မျောက်တစ်ကောင်နဲ့ကျွန်တော်အလုပ်ရှုပ်နေတုန်းမှာပဲ ဖေဖေ…ဖေဖေ ဆိုတဲ့ခေါ်သံလေးနဲ့ သမီးလေးက အနားရောက်လာပါတော့တယ်။