တစီစီမြည်နေတဲ့ ပုဇင်းရင်ကွဲအော်သံလေးတွေကလွဲလို့ ဘာသံမှမကြားရပဲ
ညကတိတ်ဆိတ်လို့နေပါတယ်။ တချက်တချက် တိုက်ခတ်လာတဲ့ လေပြေညှင်းလေးတွေနဲ့ အလင်းရောင်ဖြာကျနေတဲ့
လမင်းကြီးကြောင့် ညက တိတ်ဆိတ်နေပေမယ့် လှနေပြန်ပါရော။အရင်အချိန်တွေကဆိုရင်တော့ ဒီလိုညအချိန်တွေဆိုတာ
ကျွန်မအတွက် စိတ်ဝင်စားစရာမကောင်းခဲ့ပါဘူးလေ။ကိုယ်နေထိုင်ရတဲ့နေရာလေးမှာပဲ အလုံပိတ်နေထိုင်ရင်း
ညတွေနေ့တွေကို ဖြတ်သန်းခဲ့ရတာပါ။ညအမှောင်ဆိုတာ ဘာလဲ………နေ့ခင်းအလင်းရောင်ဆိုတာ ဘာလဲရယ်လို့ကို
ကွဲကွဲပြားပြားမသိခဲ့သလို စိတ်လည်းမ၀င်စားခဲ့မိပါဘူး။လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မဆိုစလောက်လေး
ပွင့်ဟလာတဲ့ နေရာကျဉ်းကျဉ်းလေးတွေကနေ တဆင့် လောကကြီးရဲ့ သဘာဝအလှတွေကို ကျွန်မမြင်ရကြားခဲ့ရပါတယ်။အို……သိပ်လှတဲ့
လောကကြီးပါလား။အပေါက်ကျဉ်းကျဉ်းလေးကနေ တတ်နိုင်သမျှ တစေ့တစောင်း ချောင်းကြည့်ရတာကလည်း
ပျော်စရာပေါ့။ဒီလိုနဲ့ပဲ တစထက်တစ ကျွန်မရဲ့ လိုအင်တွေများလာပါတယ်။နေမင်းကြီးရဲ့ အလင်းရောင်ကြောင့်
နွေးထွေးမှုကို ကျွန်မ လွတ်လွတ်လပ်လပ်ခံစားချင်လာတယ်။လေပြည်ညှင်းရဲ့ရိုက်ခတ်မှုမှာ ကျွန်မခန္ဓာကိုယ်လေး
ယိုင်ထိုးကြည့်ချင်တယ်။အေးမြတဲ့လရိပ်မှာ မှေးစက်ကြည့်ချင်လာပါတယ်။ ဟော…..ဘာလိုလိုနဲ့
မနက်ဖြန်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ရင် လောကကြီးကို ထိတွေ့ခွင့်ရတော့မှာပါလား။လောကကြီးရေ….ကျွန်မကို
နွေးထွေးမှုတွေနဲ့ ကြိုဆိုလှည့်နော်….။
………………………………………………………………………………………………………………..
အချိန်တိုင်း မျှော်လင့်နေရတဲ့ နေ့သစ်လေးကို ရောက်လာပေမယ့်
ကျွန်မရင်မှာ စိုးထိတ်မှုတွေက အပြည့်နဲ့ပါ။ပိတ်လှောင်ထားတဲ့အထဲက တိုးထွက်ဖို့……..
လုံအောင်ကာကွယ်ထားတဲ့ ခြုံလွှာလေးကို ဖွင့်ချလိုက်ဖို့ အားတင်းနေရတဲ့အချိန်ကို ကျွန်မအမြဲအမှတ်ရနေမှာ အသေအချာပါပဲ။အကာအကွယ်တွေ မရှိတော့တာ……ကျွန်မလွတ်လပ်သွားပြီဆိုတာတွေကို နွေးထွေးတဲ့နေရောင်ခြည်ရဲ့ အထိအတွေ့…….တသုန်သုန်တိုက်ခတ်နေတဲ့ လေပြည်ရဲ့ အထိအတွေ့ကြောင့် သိရှိခံစားနေမိပေမယ့် ကျွန်မ မျက်လွှာချထားမိပါတယ်။အပြောကျယ်လှတဲ့ လောကကြီးကို ရင်ဆိုင်ဖို့ မ၀ံ့မရဲစိတ်လေးနဲ့ပေါ့။
လုံအောင်ကာကွယ်ထားတဲ့ ခြုံလွှာလေးကို ဖွင့်ချလိုက်ဖို့ အားတင်းနေရတဲ့အချိန်ကို ကျွန်မအမြဲအမှတ်ရနေမှာ အသေအချာပါပဲ။အကာအကွယ်တွေ မရှိတော့တာ……ကျွန်မလွတ်လပ်သွားပြီဆိုတာတွေကို နွေးထွေးတဲ့နေရောင်ခြည်ရဲ့ အထိအတွေ့…….တသုန်သုန်တိုက်ခတ်နေတဲ့ လေပြည်ရဲ့ အထိအတွေ့ကြောင့် သိရှိခံစားနေမိပေမယ့် ကျွန်မ မျက်လွှာချထားမိပါတယ်။အပြောကျယ်လှတဲ့ လောကကြီးကို ရင်ဆိုင်ဖို့ မ၀ံ့မရဲစိတ်လေးနဲ့ပေါ့။
“ဟာ……………သိပ်လှတဲ့ နှင်းဆီဖူးလေးပါလား။”
ဝမ်းသာအားရ မြည်တမ်းလိုက်တဲ့ အသံတစ်ခုကြောင့် အသံလာရာကို
ကျွန်မမော့ကြည့်လိုက်မိပါတယ်။ဒီအသံကို ကျွန်မ တရင်းတနှီးသိတာပေါ့။ လောကကြီးအကြောင်း
သေချာမတွေးတောတတ်ခင်……ကိုယ်ပိုင်နေရာ
ကျဉ်းကျဉ်းလေးမှာ နေထိုင်နေချိန်သတည်းက ကြားဖူးနေကျ
အသံပါ ။ ပထမဆုံး မြင်တွေ့ခွင့်ရတဲ့ ဥယျာဉ်မှုးကြီးရဲ့ မျက်နှာကို ကြည့်ရင်း စိတ်ထဲက
တိုးတိုးလေး မေးလိုက်မိပါတယ်။
“ကျွန်မက တကယ်ကို လှသလားဟင်….”
……………………………………………………………………………………………………………………….
အခုဆို ကျွန်မရဲ့ ဆန္ဒတွေ တဖြည်းဖြည်းပြည့်လို့လာပါပြီ။ရောင်နီလာချိန်မှာ
ကျူးရင့်ကြတဲ့ငှက်ကလေးတွေရဲ့ တေးသံကို နားဆင်ရင်း နေမင်းကြီးကို မင်္ဂလာနံနက်ခင်းပါလို့
နှုတ်ခွန်းဆက်နိုင်ပြီ။ကျွန်မခန္ဓာကိုယ်ကို တိုးဝှေ့တိုက်ခတ်ရင်း ကျီစယ်သွားတတ်တဲ့ လေပြည်ညှင်းလေးတွေနဲ့လည်း
ခင်မင်ခွင့်ရခဲ့ပြီ။အေးမြတဲ့လရိပ်မှာ မှေးစက်ရင်း သာယာတဲ့ဘ၀လေးကိုလည်း ပိုင်ဆိုင်ရပြီပေါ့။ပြီးတော့လေ
ကျွန်မမှာ သူငယ်ချင်းအသစ်တွေလည်း အများကြီးရနေပါပြီ။ကျွန်မနဲ့ မျိုးနွယ်တူ နှင်းဆီမလေးတွေ……..သိပ်အလှမ်းမဝေးတဲ့
စိုက်ခင်းလေးမှာ ညီညီညာညာယိမ်းနွဲ့ရင်း လှနေကြတဲ့ မမဒေစီတို့ မမဂန္ဓမာတို့ ညီအမတစ်စု……ပြီးတော့
ကျွန်မတို့လို မြေပြင်ကနေ တိုးထွက်ရတာမျိုးမဟုတ်ပဲ အခြေကြီးကြီး နေရတဲ့ ညီမလေးသစ်ခွနဲ့
သဇင်မယ်လေးတွေ….အို သူတို့အားလုံးနဲ့ ခင်မင်ရတာ ပျော်စရာသိပ်ကောင်းတာပါပဲ။ကျွန်မတို့
သူငယ်ချင်းတစ်စုက မနက်ခင်းတိုင်း နေရောင်ခြည်အောက်မှာ အပြိုင်အဆိုင် လှနေရတာကို ကျေနပ်ကြတယ်။ကျွန်မတို့နားမှာ
ဝေ့၀ဲနေကြတဲ့ ကိုရွှေပျားနဲ့ လိပ်ပြာလေးတွေကို ရေတွက်ရင်း အစွမ်းကုန် မော်ကြွားရတာကို
နှစ်သက်ကြတယ်လေ။သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ ပျော်ရွှင်နေတဲ့ ကျွန်မကို လေပြည်ညှင်းက
စကားလက်ဆောင်လေး တစ်ခုပေးသွားသေးတယ်။
“ဒီ ဥယျာဉ်ကြီးတစ်ခုလုံးမှာ မင်းက အလှဆုံးပါ နှင်းဆီဖူးလေးရယ်…”တဲ့။
အို….ကျွန်မသိတာပေါ့ရှင်။ ဒီလိုစကားမျိုးကို ဟိုနေ့ကပဲ
လိပ်ပြာချောချာလေးတစ်ကောင်က အနားမှာရစ်ဝဲပြီး ပြောသွားသေးတယ်လေ။
“နှင်းဆီမလေးရေ…….အဖူးဘ၀နဲ့တောင် သိပ်လှနေတဲ့ မင်းကို တစ်ခုလောက်တောင်းဆိုခဲ့ပါရစေ…အစွမ်းကုန်ပွင့်လန်းလာမယ့်တစ်နေ့မှာ
မင်းနားမှာ ကိုယ်ရှိနေပါရစေ…..” တဲ့။
………………………………………………………………………………………………………………
ချစ်သူခင်သူ ၀ိုင်းဝိုင်းလည်နေတဲ့ ကျွန်မအတွက် ဒီဥယျာဉ်ထဲမှာ
စိတ်တိုင်းမကျဖြစ်နေရတာ တစ်ခုလည်း ရှိနေပါသေးတယ်။ ဟိုရှေ့နား လမ်းကလေးရဲ့ဘေးက ထိကရုန်းပင်စုစုလေးတွေပေါ့။သိပ်ကို
ကြောက်လန့်လွန်းတတ်တဲ့ မိသားစုပါပဲ။နည်းနည်းလေး ထိမိ တို့မိတာနဲ့ကို ကြောက်လန့်တကြား
ပုန်းခိုရင်း မြေမှာဝပ်သွားတတ်တာကို ကျွန်မ မနှစ်သက်ပါဘူး။အရာရာကို ရဲရဲရင်ဆိုင်တတ်တဲ့
ကျွန်မစိတ်နဲ့တော့ တခြားစီဖြစ်နေတာပါပဲ။ အားမလိုအားမရဖြစ်နေတဲ့ ကျွန်မကို ဒေါ်ကန်စွန်းနွယ်က
လှမ်းပြောပါတယ်။
“နှင်းဆီပွင့်လေးရေ………သဘာဝချင်းမှမတူတာကိုကွယ်။မင်းမှာလည်း
မင်းအလှနဲ့မင်းရှိတယ်လေ။ သဘာဝက ပေးထားတဲ့ ဆူးတွေမင်းမှာရှိသလို သူတို့မှာလည်း သူတို့သဘာဝနဲ့
သူတို့ပေါ့…” တဲ့။
ဒေါ်ကန်စွန်းနွယ်ပြောတာကို နားထောင်ရင်း ကျွန်မစိတ်ထဲက ပြန်ပြောနေမိတယ်။
“အို…..တော် ဒီလိုဝင်ပြောတာကို ကျွန်မသိပါတယ်။ အရောင်အဆင်းမရှိ
အနံ့မဲ့တဲ့ ရှင့်သမီး ကန်စွန်းပွင့်ဖြူဘက်က နာပြီး ကျွန်မကို တရားပြသလိုလိုနဲ့ ပြောနေတာမဟုတ်လား…”
ဒေါ်ကန်စွန်းနွယ်မှ မဟုတ်ပါဘူးလေ။ ဘေးကနေ ငြိမ်ငြိမ်ကြီး
ရပ်နေရင်း ကျွန်မကို ဆုံးမချင်တဲ့မျက်လုံးတွေနဲ့အမြဲကြည့်နေတတ်တဲ့ ဦးကြီးတမာ တို့
ဘဘကုက္ကိုလ်တို့လည်း မထူးပါဘူး။ အစွမ်းကုန်ပွင့်လန်းရင်း လှချင်တိုင်းလှနေတဲ့ ကျွန်မကို
စိတ်ထဲကမနာလိုနေကြတဲ့သူတွေဆိုတာ ကျွန်မသိတာပေါ့။
……………………………………………………………………………………………………………………
“ အို ….သိပ်ကိုလှတဲ့ နှင်းဆီပွင့်လေးပါလား။သူ့အရောင်ကို
ကြည့်ပါဦး ပန်းရောင်ပွင့်ချပ်စိုစိုလေးမှာ ပန်းဆီရင့်ရင့်အနားသတ်လေးတွေနဲ့ဟယ်…”
ကျွန်မနားမှာ ကပ်ပြီးကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့်
အသံလာရာကို အသာအယာကြည့်ရင်း ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူဝင့်ကြွားနေမိသေးတယ်……ကျွန်မအလှကို
မြင်သူတိုင်း ဒီလိုပဲ မြည်တမ်းရတာကို ကျွန်မကြားဖူးနေကြလေ။အို… ဟုတ်သားပဲ မြို့ကခြံပိုင်ရှင်တွေ ဥယျာဉ်ကို လာပြီးအပန်းဖြေကြမယ်ဆိုတာ
ဒီနေ့ပဲလေ။ ကျွန်မကို တမြတ်တနိုးကြည့်နေတဲ့ အမချောချောလေးက မြို့က ခြံပိုင်ရှင်ကြီး
သမီးပေါ့နော်။ ကျွန်မကိုသာ ခူးဆွတ်သွားမယ်… သူမရဲ့ ဆံပင်လှလှလေးမှာ ပန်ဆင်သွားမယ်ဆိုရင်
ဒီဥယျာဉ်ကြီး တစ်ခုလုံးထဲမှာ ကျွန်မလောက် ဂုဏ်ယူစရာကောင်းတာ ရှိတော့မှာ မဟုတ်ဖူးဆိုတဲ့
အတွေးက ကျွန်မခေါင်းထဲ ရုတ်တရက်ဝင်လာပါတယ်။ဒီလိုသာဆို ကျွန်မက အားလုံးထက်မြင့်တဲ့သာတဲ့
နှင်းဆီပွင့်လှလှလေးအဖြစ် သူတို့တွေ စကားတင်းဆိုရင်း
အားကျနေကြတော့မှာ ၀န်ခံရတော့မှာ အသေအချာပေါ့။
ဒီအချိန်မှာပဲ မြို့သူကောင်မလေးနဲု့ အဖော်ပါလာတဲ့ ကောင်လေးတစ်ယောက်က
ကဗျာလေးတစ်ပုဒ်ဆိုပြတာကို ကြားလိုက်ရတယ်။
“လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး…….။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး………။”
ကဗျာလေးကို နားထောင်ရင်း ကျွန်မသဘောကျမိတယ်။နှင်းဆီပွင့်ကြောင့်
ဂုဏ်မြင့်တယ်ဆိုလို့ ၀မ်းသာအားရနဲ့ပေါ့။ဒီကဗျာကြားလိုက်တဲ့ ကောင်မလေးက ချက်ခြင်းပဲ
ကဗျာတစ်ပုဒ် ပြန်ဆိုပြတာကို ကြားရပြန်တယ်။
“မယ့်ကေသာ
ဆံမြညှာထက်
အလှဝေဆာ နှင်းဆီခက်တွေနဲ့
ဂုဏ်တင့်တယ်သူဆို
ထင့်ပါနဲ့
မယ့်ကို။
ပျိုတို့မောင်
ခူးကာပေးမယ့်
လယ်တောပြန်
ခရေဖူးကိုမှ
မြတ်နိုးစွာ
ပန်ဆင်လိုသူမို့
စိုးပါနဲ့လေး…..။”
ဒီကဗျာလေး
ပြန်ဆိုပြရင်း ခရေပွင့်လေးတွေ ကောက်ပြီး ပျော်ပျော်ရွှင်ရွှင် ပြန်သွားကြတဲ့ သူတို့ပုံရိပ်ကို
ကျွန်မတွေ့နေရပါတယ်။ ဥယျာဉ်လေးထဲက ဒီအဖြစ်အပျက်ကို သတိထားမိလိုက်ကြတဲ့ ပန်းပင်လေးတွေရှေ့မှာ
ကျွန်မ ခေါင်းမဖော်ရဲပဲ အရှက်ရတာပါပဲ။
တကယ်ဆို အဲဒီ့
မခရေ တို့ စံပယ်မလေး တို့ကို ကျွန်မက ရှိတယ်ထောင်မထင်ပဲ မတူမတန်သလိုသာ သဘောထားခဲ့မိတာလေ။အခုတော့
ကျွန်မနဲ့ ယှဉ်ပြီး အရွေးခံလိုက်ရတဲ့ အဖြစ်ကြောင့် ရှက်လည်း ရှက်သလို တွေဝေစိတ်လည်း
ဝင်မိသေးတယ်။တွေဝေစိတ်ဝင်ရတာက ဦးကြီးထနောင်းရဲ့ ဆုံးမစကားကြောင့်ပါ။
“နှင်းဆီပွင့်လေးရေ…….သမီး
စိတ်အားငယ်နေသလား။ အားမငယ်ပါနဲ့ကွယ်…တကယ်ဆို ပန်းပွင့်တိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိကြသကွဲ့။အရောင်အသွေးမတူ
မျိုးနွယ်မတူလည်း သူ့သဘာဝနဲ့သူ လောကကို အလှဆင်နေကြသူချည်းမဟုတ်လား။အပွင့်ငယ်လို့ အရောင်မစိုလို့
အနံ့မဲ့လို့ ဆိုတဲ့ ပညတ်ချက်တွေကလွဲရင် အားလုံးဟာ မြင်သူတကာ ရင်အေးစေတဲ့အလှရှိကြတဲ့
ပန်းလေးတွေချည်းပါပဲကွယ်။ငါက ပိုလှလို့ဆိုပြီး ဂုဏ်ဝင့်မာန်တက်စရာမလိုသလို အမျိုးအနွယ်မတူလို့ဆိုပြီး
နှိမ့်ချဆက်ဆံစရာလည်း မရှိပါဘူးကွဲ့ ငါ့သမီးရဲ့။”
ဦးကြီးရဲ့စကားက
ကျွန်မကို အလင်းဖွင့်ပေးသလိုပါပဲ။ဟုတ်တာပေါ့ ကျွန်မက ဂုဏ်ဝင့်မာန်တက်မိတယ်။မတူတာကို
နှိမ့်ချဆက်ဆံမိခဲ့တယ်။ဒါကြောင့် ဒီလိုဖြစ်ရပ်နဲ့ကြုံရတော့ သာမာန်ထက်ပိုခံစားပြီး ၀မ်းနည်းရတာပေါ့။တကယ်တော့
အားလုံးဟာ လောကကို အလှဆင်ကြတဲ့ ပန်းပွင့်လေးတွေချင်း တူညီနေကြတာပဲလေ။
အခုတော့ ကျွန်မစိတ်က
တကယ်ကို ရှင်းလင်းပြီး ပေါ့ပါးသွားပါပြီ။အားလုံးမှာရှိကြတဲ့ အလှကိုလည်း မြင်နိုင်ပြီပေါ့။
No comments:
Post a Comment