ကျိကျလိ
……ကျိကျလိ…
အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ
အေးအေးဆေးဆေး အနားယူရင်း အတွေးထဲနစ်မျောနေတဲ့ကျွန်တော် ကျေးငှက်လေးတွေရဲ့တွန်ကျူးသံကြောင့်
ပါတ်ဝန်းကျင်ကို ပြန်လည်စူးစမ်းမိလိုက်ပါတယ်။အရင်အချိန်တွေမှာလည်း ကျွန်တော်နေထိုင်ရာ
ပါတ်ဝန်းကျင်ဒေသမှာ ကျေးငှက်အော်သံလေးတွေကြားနေကျ ဆိုပေမယ့် ဒီတစ်ခါသူတို့လေးတွေ အော်မြည်သံက
ပိုမိုကျယ်လောင်နေတယ်လို့ ကျွန်တော်ထင်မိတယ်လေ။ငှက်အော်သံလေးတွေ ဆူညံနေတဲ့ နေရာကို
ထသွားကြည့်မိလိုက်တော့ မြင်လိုက်ရတဲ့အရာကြောင့် အံ့အားသင့်မိသွားတယ်။ကျွန်တော်မြင်လိုက်ရတာကတော့
ခြံထောင့်ကသရက်ပင်ပေါ်မှာ မျက်လုံးလေးကလယ်ကလယ်နဲ့ ထိုင်နေတဲ့မျောက်တစ်ကောင်ပါပဲ။ကျွန်တော့်ခြံထဲမှာ
မျောက်တစ်ကောင်တွေ့လိုက်ရတာဟာ ကျွန်တော့်အတွက်တော့ အထူးအဆန်းပါပဲ။ကျွန်တော်နေထိုင်ရာမြို့ကလေးက
ကျေးလက်ဆန်တယ်ဆိုပေမယ့် ဒီလိုမြို့လယ်ကောင် အိမ်ခြံတွေထဲကို မျောက်တစ်ကောင်ရောက်လာတယ်လို့တော့
ကျွန်တော်မကြားဖူး မကြုံဖူးသေးပါဘူး။အဲ….ကျွန်တော်က သကောင့်သားမျောက်ကို အံ့အားတသင့်ကြည့်နေမိသလိုပဲ
သူကလည်း ကျွန်တော့်ကို ပြူးပြူးလေးပြန်ကြည့်နေတယ်ဗျ။သူ့ကို ကြည့်နေရင်း ကြည့်နေရင်းနဲ့
ကျွန်တော်ရယ်ချင်လာမိတယ်။မျောက်တစ်ကောင်ကို အချိန်ပေးပြီး သေသေချာချာမကြည့်ဘူးလို့လား
မသိပါဘူး….ကျွန်တော့်စိတ်ထဲမှာ သူ့မျက်နှာက ရယ်စရာတစ်ခုလိုပါပဲ။ပြုံးစိစိဖြစ်နေတဲ့ကျွန်တော့်မျက်နှာကို
ပြန်ကြည့်နေတဲ့ အဲဒီ့မျောက်ကလည်း ပြန်ပြုံးပြတယ်ဗျ။အံမယ်…ကြားဖူးထားတဲ့အတိုင်း မျောက်တွေက
လူတွေရဲ့အတုလိုက်ခိုးတတ်တယ်ဆိုတာတကယ်ပါလား။
ခြံထောင့်မှာ
မျောက်တစ်ကောင်နဲ့ကျွန်တော်အလုပ်ရှုပ်နေတုန်းမှာပဲ ဖေဖေ…ဖေဖေ ဆိုတဲ့ခေါ်သံလေးနဲ့ သမီးလေးက
အနားရောက်လာပါတော့တယ်။
ကျွန်တော့်ကိုပြုံးပြနေတဲ့ မျောက်ကလည်း သမီးလေးကို ခပ်တည်တည်ပဲ ပြုံးပြနေပါသေးတယ်။အရာရာကိုစူးစမ်းလေ့လာစိတ်ပြင်းတဲ့သမီးငယ်က မျောက်တစ်ကောင်ကို မကြောက်လန့်တဲ့အပြင် သဘောတကျကြည့်နေပါတော့တယ်။ပြီးတော့ ကျွန်တော့်ကိုလည်း ပူဆာပါသေးတယ်….ဖေဖေ သမီးတို့ မျောက်လေးကို မွေးထားရအောင်လေတဲ့…။ကျွန်တော့်သမီးက အဲလိုပါပဲ…တစ်ဦးတည်းသော သမီးအဖြစ်နဲ့ တစ်ယောက်တည်း နေရတဲ့သမီးငယ်က အဖော်မင်ပါတယ်။ အိမ်မှာလည်း ကြောင်လေးတွေ ငှက်ကလေးတွေမွေးထားပြီး ပျော်ရွှင်နေတတ်သူလေးပေါ့။ သမီးငယ်ကို အရာရာအလိုလိုက်ခဲ့ပေမယ့် မျောက်တစ်ကောင်ကို မွေးထားမယ့် ကိစ္စကိုတော့ ကျွန်တော်တော်တော်စဉ်းစားရပါတယ်။သမီးငယ်အလိုကျ မျောက်ကလေးကို အိမ်ခေါ်မွေးသင့်မမွေးသင့် စဉ်းစားနေတုန်းမှာပဲ ကျွန်တော့်ခေါင်းမှာ ဖတ်ဖူး မှတ်ဖူးတဲ့ စကားပုံတွေက အစီအရီဝင်လာပါတော့တယ်။
ကျွန်တော့်ကိုပြုံးပြနေတဲ့ မျောက်ကလည်း သမီးလေးကို ခပ်တည်တည်ပဲ ပြုံးပြနေပါသေးတယ်။အရာရာကိုစူးစမ်းလေ့လာစိတ်ပြင်းတဲ့သမီးငယ်က မျောက်တစ်ကောင်ကို မကြောက်လန့်တဲ့အပြင် သဘောတကျကြည့်နေပါတော့တယ်။ပြီးတော့ ကျွန်တော့်ကိုလည်း ပူဆာပါသေးတယ်….ဖေဖေ သမီးတို့ မျောက်လေးကို မွေးထားရအောင်လေတဲ့…။ကျွန်တော့်သမီးက အဲလိုပါပဲ…တစ်ဦးတည်းသော သမီးအဖြစ်နဲ့ တစ်ယောက်တည်း နေရတဲ့သမီးငယ်က အဖော်မင်ပါတယ်။ အိမ်မှာလည်း ကြောင်လေးတွေ ငှက်ကလေးတွေမွေးထားပြီး ပျော်ရွှင်နေတတ်သူလေးပေါ့။ သမီးငယ်ကို အရာရာအလိုလိုက်ခဲ့ပေမယ့် မျောက်တစ်ကောင်ကို မွေးထားမယ့် ကိစ္စကိုတော့ ကျွန်တော်တော်တော်စဉ်းစားရပါတယ်။သမီးငယ်အလိုကျ မျောက်ကလေးကို အိမ်ခေါ်မွေးသင့်မမွေးသင့် စဉ်းစားနေတုန်းမှာပဲ ကျွန်တော့်ခေါင်းမှာ ဖတ်ဖူး မှတ်ဖူးတဲ့ စကားပုံတွေက အစီအရီဝင်လာပါတော့တယ်။
မျောက်သစ်ကိုင်းလွတ်သလို…..
မျောက်အုန်းသီးရ…
မျောက်ပြဆန်တောင်း….
မျောက်သားစားချင်
မျောက်မျက်နှာမကြည့်နဲ့…..
မျောက်မူးလဲ…..
ကြားဖူးသမျှ
မျောက်နဲ့ဆိုင်တဲ့စကားပုံတွေခေါင်းထဲရောက်လာပေမယ့် ဘယ်တစ်ခုမှ အကောင်းမပါတာကိုလည်း
သတိထားမိနေပေမယ့် သမီးငယ်ရဲ့ မျှော်လင့်တကြီးစောင့်စားနေတဲ့ မျက်နှာလေးက ကျွန်တော့်ကို
အနိုင်ယူသွားပါတယ်။သမီးငယ်နဲ့ အမျိုးသားလုပ်သမျှ အကောင်းထင် လက်ခံတတ်တဲ့ ကျွန်တော့်အမျိုးသမီးကလည်း
အိမ်ကို ရောက်လာတဲ့မျောက်တစ်ကောင်ကို ကြိုဆိုလို့ပေါ့။အခုတော့ ကျွန်တော်တို့အိမ်လေးမှာ
မျောက်ကလေးက နေသားကျနေခဲ့ပါပြီ။အတုယူလွယ်တဲ့သူက ကျွန်တော်တို့ နေသလို နေတတ်ပါတယ်။လူတစ်ယောက်ရဲ့အပြုအမူတွေတော်တော်များများကို
သင်ယူတတ်မြောက်လွယ်တဲ့သူ့ကို ကြည့်ရင်း ကျွန်တော်တို့အိမ်သားတွေလည်း ဖျော်ဖြေရေးတစ်ခုကြည့်နေရသလိုပါပဲ။မျောက်တစ်ကောင်လုပ်နေတာကို
ကြည့်ရင်း သူလုပ်နေတာတွေဟာ ကျွန်တော်တို့နေ့စဉ်ပြုမူနေကျအရာတွေပေမယ့် ပျော်ရွှင်ရယ်မောနေမိကြပါတယ်။လူတစ်ယောက်လို
အရာရာတူအောင် နေတတ်တဲ့သူကလည်း ကျွန်တော်တို့ထမင်းစားရင် ထမင်းစားပွဲပေါ်ကို ခုန်ဆွ ခုန်ဆွနဲ့
လာထိုင်တတ်ပါတယ်။ငှက်ပျောသီးကျွေးလိုက်လို့ ပျော်ရင် လက်ခုပ်လေးတီးပြီး ရယ်ပြ(သွားဖြီးပြ)တတ်ပါသေးတယ်။သူလုပ်ပြနေတာတွေကို
လူတွေက သဘောတကျကြည့်နေရင်လည်း ခေါင်းလေးကုတ်ရင်း ရှက်ပြတတ်တဲ့သူ့အမူအရာတွေက ကျွန်တော်တို့အတွက်
ဟာဒယတစ်ကွက်ပါ။မျောက်တစ်ကောင်ရဲ့ပြကွက်တွေမှာ အသားကျနေမိတဲ့ကျွန်တော် တစ်နေ့မှာတော့
အခြေအနေတစ်ခုကို ထိတ်လန့်တကြားရင်ဆိုင်လိုက်ရပါတော့တယ်။အဲဒါကတော့ ကျွန်တော့်သမီးလေးပါပဲ။
သမီးငယ်လေးကို ထမင်းစားဖို့ခေါ်လိုက်တဲ့အချိန် ထမင်းစားပွဲကို လာတဲ့ သမီးရဲ့အမူအရာ….။ထမင်းစားပွဲပေါ်ဆောင့်ကြောင့်လေးထိုင်ရင်း
သူ့ခေါင်းလေးသူကုတ်ရင်း ကျွန်တော့်ကို သွားဖြီးပြနေတဲ့ သမီးငယ်ရဲ့အမူအရာက ကျွန်တော့်ရင်ကို
ဆွဲဆုတ်လိုက်သလိုပါပဲ။သမီးငယ်လုပ်သမျှအပြုအမူတိုင်းဟာ မျောက်တစ်ကောင်ရဲ့အပြုအမူတွေဖြစ်နေတာ
ကို
တွေ့လိုက်ရတော့ ကျွန်တော်ဒီအခြေအနေကို လက်မခံနိုင်တော့ပါဘူး။ ဘာလို့ဒီလိုတွေလိုက်လုပ်နေရတာလဲသမီးလို့
ကျွန်တော်မေးတော့ အရာရာကို လေ့လာစူးစမ်းတတ်စ ငါးနှစ်အရွယ် သမီးငယ်ဖြေလိုက်တဲ့အဖြေက
ကျွန်တော့်ကို ခေါင်းနပမ်းကြီးသွားစေပါတယ်။မျောက်လေးလုပ်နေတာကို ဖေဖေတို့အားလုံးသဘောကျလို့
သမီးလည်း လိုက်လုပ်ကြည့်တာပါ ဖေဖေ…တဲ့လေ။အခုတော့ တရားခံအစစ်ကို ကျွန်တော်သိပါပြီ။ကျွန်တော်တို့က
မျောက်တစ်ကောင်ကို မျောက်တစ်ကောင်ထက်ပိုပြီး မမြင်နိုင်ပေမယ့် သမီးငယ်လို နုနယ်သေးတဲ့အရွယ်လေးတွေရဲ့စိတ်ထဲမှာတော့
ဒီမျောက်လုပ်သမျှကို သဘောကျနေတဲ့လူတွေကြောင့် မျောက်ဟာ သူကလေးတို့ရဲ့ သူရဲကောင်း(Hero)
ဖြစ်သွားပါတော့တယ်။ဒီတော့ မျောက်တစ်ကောင်ရဲ့အမူအရာအတိုင်း လိုက်လုပ်တော့တာပေါ့။ကျွန်တော်ဖတ်ဖူးတဲ့
စာအုပ်လေးထဲက အကြောင်းအရာလေးတစ်ခုက ခေါင်းထဲကိုအပြေးအလွှားရောက်လာပါတယ်။တစ်ခါတုန်းက
သုတေသနပညာရှင်ကြီးတစ်ယောက်ရှိတယ်တဲ့..။သူက ငါးတွေကို သုသေတနလုပ်နေတာပေါ့။ငါးတွေကို
ခေါင်းငြိမ့်တတ်အောင် သင်ပေးနေတာလေ။သင်ရတဲ့နည်းကတော့ ငါးနဲ့မျက်နှာချင်းဆိုင်ကြည့်ပြီး
ခေါင်းငြိမ့်ငြိမ့်ပြရပါတယ်။အစပိုင်းတော့ ငါးလေးတွေက မျက်လုံးလေးပြူး ပါးစပ်လေးတွေ
ဟစိ ဟစိ နဲ့ ကြည့်နေကြပေမယ့် ရက်ကြာလာတာနဲ့အမျှ သူတို့လည်း ခေါင်းလေးတွေငြိမ့်ပြတတ်လာပါတယ်တဲ့။ပညာရှင်ကြီးဟာ
ပထမအသုတ် ငါးလေးတွေကို စမ်းသပ်ပြီးအောင်မြင်လို့ ဒုတိယအသုတ်ကို လေ့ကျင့်ပေးနေတုန်းမှာပဲ
အရေးကြီး ခရီးတစ်ခုထွက်သွားရပါတယ်။တပည့်ကို အစစအရာရာ မှာကြားထားခဲ့ပြီး ကိစ္စတွေပြီးလို့
ပြန်ရောက်လာတဲ့အချိန်မှာတော့ ခေါင်းငြိမ့်ပြတတ်တဲ့ငါးလေးတွေကို တွေ့ရမယ့်အစား မျက်လုံးပြုးပြီး
ပါးစပ် ဟစိ ဟစိ နဲ့ကြည့်နေတဲ့သူ့တပည့်ကိုပဲ တွေ့လိုက်ရတယ်တဲ့လေ။အခုတော့ ကျွန်တော်သင်ခန်းစာရသွားပါပြီ…..ကျွန်တော်ဘာလုပ်ရမယ်ဆိုတာကိုလည်း
ရှင်းရှင်းလင်းလင်း သဘောပေါက် သိနားလည်ခဲ့ပြီပေါ့။
မှတ်ချက်။
။ ကျွန်တော်ရေးတဲ့ဒီပိုစ်လေးမှာ ဖခင်နေရာမှာ ကျွန်တော်တို့လို အရွယ်ရောက်သူ လူကြီးတွေအဖြစ်၊
သမီးငယ်လေးနေရာမှာ မျိုးဆက်သစ်ကလေးငယ်တွေအဖြစ် နဲ့ မျောက်နေရာမှာတော့ ကျွန်တော်တို့
ပါတ်ဝန်းကျင်မှာ ထိုးဝင်ပျံ့နှံ့လာတဲ့ မလိုလားအပ်တဲ့အရာတွေ(ဥပမာ…၀တ်စားဆင်ယင်မှု)အဖြစ်
အစားထိုးခံစားကြည့်ရအောင်။သူငယ်ချင်းတို့ရေ…..ကျွန်တော်တို့ လူနေမှုအဖွဲ့အစည်းမှာ ကျွန်တော်တို့မသိလိုက်ပဲ
ကိုယ်တိုင်မွေးမြူထားမိတဲ့ မျောက်တွေ အကောင်ရေ တော်တော်များနေတယ်လို့ ကျွန်တော်ထင်ပါတယ်။
No comments:
Post a Comment