“အောက်အီးအီးအွတ်……….”
ဟော…လင်းကြက်တွေတောင်သံပြိုင်အော်နေကြပြီ။အိပ်ရာထဲမှာဆက်ကွေးနေစရာမလိုတော့ဘူးပေါ့။
မနက်မိုးလင်းပြီဆိုတဲ့
အတွေးနဲ့ သူဝမ်းသာအားရ အိပ်ရာက ထလိုက်တယ်။ဟုတ်တယ်လေ….ဒီလို သိပ်အေးတဲ့ ဆောင်းရာသီထဲမှာ
အိပ်ရာလို့မခေါ်နိုင်တဲ့ အိတ်ခွံလေးတွေပေါ်မှာ ကွေးနေရတာလောက် စိတ်ပျက်စရာကောင်းတာမရှိဘူးလို့
သားထင်တယ်။သားလိုပဲ မနက်မိုးလင်းတာကို စောင့်နေတဲ့ သားသူငယ်ချင်းတွေလည်း ထလာကြတာကို
မြင်နေရတယ်။မြင်နေရဆို…..သားတို့နေတာက ကိုယ့်အိမ်နဲ့ကိုယ် တစ်နေရာစီမှမဟုတ်တာ။သားတို့နေတဲ့နေရာကို
လူတွေခေါ်ကြတာတော့ ကျုးကျော်ရပ်ကွက်တဲ့။သူများကျုးကျော်ရပ်ကွက်တွေတော့ ဘယ်လိုပုံလဲ သားမသိဘူး။သားတို့ကျူးကျော်ရပ်ကွက်ကတော့
ချိုင့်ဝှမ်းကြီးထဲမှာ စုပြီး တဲထိုးနေကြတာလေ။မနက်လင်းကြက်တွန်တာနဲ့ သားတို့ရပ်ကွက်ကလူတွေအလုပ်ရှုပ်ကြတော့တာပါပဲ။အခုလည်း
သားသူငယ်ချင်းတွေ…အဲလေ..သူငယ်ချင်းဆိုတာထက် လုပ်ဖော်ကိုင်ဖက်တွေဆိုပိုမှန်မှာပါ။သူတို့အားလုံး
သားကိုစောင့်နေကြပြီ။
သားတို့လုပ်တဲ့အလုပ်က ပလပ်စတစ်စတွေ လိုက်ကောက်ရတာလေ။ဗျာ….သားနာမည်လား…ဖိုးသားလို့ အားလုံးက ခေါ်ကြပါတယ်။သားမှာ မေမေရှိတယ်။မေမေ့ကိုတော့ အားလုံးက မလိပ်ပြာ လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့ မေမေက ဒီကို ရောက်လာသတည်းက “လိပ်ပြာလှအောင် နေရမယ်…..ကိုယ့်လိပ်ပြာလှအောင် ကိုယ်တိုင်လုပ်ရတယ်…”ဆိုပြီး အမြဲပြောနေလို့တဲ့လေ။ဟုတ်တယ်…သားမေမေက အရင်သတည်းက ဒီမှာရှိနေခဲ့တာမဟုတ်ဘူး။မိုးတွေသည်းနေတဲ့တစ်နေ့မှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ ရောက်လာတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်ပါ။သားကတော့ ဒီကျူးကျော်ရပ်ကွက်သားစစ်စစ်ပေါ့။သားကို ဒီချိုင့်ဝှမ်းထဲမှာပဲ မွေးခဲ့တာလေ။သားမေမေကို မလိပ်ပြာလို့ခေါ်ကြလို့လား မသိဘူး…သားက လိပ်ပြာလေးတွေကို သိပ်စိတ်ဝင်စားတယ်။ရောင်စုံလိပ်ပြာလှလှလေးတွေကို အရမ်းချစ်တယ်။ဒါပေမယ့် သားနားမလည်တာ တစ်ခုတော့ ရှိတယ်။သားမေမေပြောနေတတ်တဲ့ “လိပ်ပြာလှအောင် နေရမယ်…..ကိုယ့်လိပ်ပြာလှအောင် ကိုယ်တိုင်လုပ်ရတယ် …”ဆိုတဲ့စကားကို သားနားမလည်ဘူး။သားတို့ရပ်ကွက်က လူတွေကိုလည်း မေးကြည့်လို့မရဘူး။ဒီအကြောင်းကို စိတ်ဝင်တစားနဲ့ရှင်းပြချင်စိတ်လည်း သူတို့မှာမရှိကြပါဘူးလေ။မေမေ့ကို မေးရအောင်လည်း မဖြစ်နိုင်ဖူးမလား။လိပ်ပြာအကြောင်းစဉ်းစားတာ ခဏရပ်ပြီး တစ်ဝမ်းတစ်ခါး(သားအတွက်တော့ နှစ်ဝမ်းနှစ်ခါးပေါ့) အတွက် လှုပ်ရှားရဦးမယ်။ဒီနေ့ ပလပ်စတစ်စကောက်တာ တော်တော်များများရတယ်ဗျ။နေ့လည်မွန်းတည့်တော့ သားတော်တော်လေးစုမိနေပြီ။နည်းနည်းလည်း မောနေတော့ နားနေကြနေရာလေးမှာ သားဝင်နားမိတယ်။သားအနားယူနေကြနေရာလေးက ညောင်ပင်အကြီးကြီးတစ်ပင်နားမှာပါ။ဘာလို့

ဒီနေရာလေးမှာပဲ နားလည်း ဆိုတော့ ဒီနေရာမှာ အသုပ်စုံဆိုင်လေးတစ်ဆိုင်ရှိတယ်ဗျ။ဆိုင်ရှင်အဒေါ်ကြီးက
သားကိုချစ်တယ်။အမှိုက်ကောက်တဲ့ကလေးလေးဆိုပြီး သူများတွေလို မောင်းမထုတ်တဲ့အပြင် သားကို
အသုပ်တစ်ပွဲအမြဲကျွေးနေကြလေ။အခုလည်း သားရောက်တာနဲ့ အသုပ်လေးတစ်ပွဲပြင်ပေးပြီးလာကျွေးတယ်။ဗိုက်ဆာဆာနဲ့
စားနေတုန်းမှာပဲ သားနားထဲကို စကားသံတွေဝင်လာတယ်။ “လူဆိုတာ လိပ်ပြာလှအောင် နေရတယ်ကွ…မင်းတို့မှတ်ထားကြ…”ဆိုတဲ့
အသံကို သားကြားလိုက်ရတယ်။အသုပ်ဆိုင်မှာစားနေတဲ့ဝိုင်းတစ်ဝိုင်းက ထွက်လာတဲ့အသံပါ။သားစိတ်ဝင်စားတဲ့
သိချင်နေတဲ့လိပ်ပြာအကြောင်းဆိုတော့ သားမယောင်မလည်လေး အဲဒီ့ဝိုင်းနဲ့အနီးဆုံးနေရာကို
ကပ်လာမိတယ်။ဦးဦးတစ်ယောက်က အာဘောင်အာရင်းသံသံနဲ့ပြောနေတာဗျ။ “လူ့ဘ၀မှာ လိပ်ပြာလှအောင်နေတတ်ရတယ်….လိပ်ပြာလှအောင်ဘယ်လိုနေရမလဲဆိုတော့ကွာ
မင်းတို့ရှင်းအောင်အလွယ်ဆုံးပြောရရင် မကောင်းတဲ့ကိစ္စကို အပြင်မှာလည်း မလုပ်ဘူး…ကွယ်ရာမှာလည်း
မလုပ်တာပဲကွ။လူမသိအောင်မကောင်းတာလုပ်မိတဲ့သူက သူ့လိပ်ပြာကို သူမလုံတော့ဘူး။ဘယ်တော့များ
ငါလုပ်ထားတဲ့ကိစ္စကို လူသိသွားမလဲ။ဘယ်တော့များ ပေါ်လာတော့မလဲဆိုပြီး စိတ်တထင့်ထင့်နဲ့
နေနေရတယ်။အဲလိုပေါ့ကွ” ။သြော်…သားနည်းနည်းတော့ သဘောပေါက်ပြီ။မေမေပြောတဲ့လိပ်ပြာအကြောင်းကိုလေ။ဟိုဦးဦးကတော့
အဲဒီ့ဝိုင်းမှာ ဆရာကြီးပဲ။သူတို့မေးတဲ့အကြောင်းအရာတိုင်းကို သေသေချာချာရှင်းပြနိုင်တယ်။သားလည်း
စိတ်ဝင်တစားနားထောင်နေတာပေါ့။သားနားထောင်နေမှန်းလည်း ဦးဦးကသိတယ်။ဦးဦးနဲ့သား ခဏခဏမျက်လုံးချင်းဆုံမိတယ်။ဟော…ဦးဦးတို့ဝိုင်းက
လူတွေပြန်သွားပြီ။ဦးဦးက မထသေးပါလား။ပိုက်ဆံအမ်းတာ စောင့်နေပုံပဲ။ဒီဦးဦးနဲ့ခဏခဏတွေ့ရင်ကောင်းမယ်။
သားမသိသေးတာတွေအများကြီး
ဦးဦးကသိတယ်လေ။ “ငါ့မောင်ရေ..မင်းပေးတာ ထောင်တန်နော်..ရော့ရော့…ပြန်အမ်းငွေ”။ဆိုင်ရှင်အဒေါ်ကြီးက
ပြောပြောဆိုဆိုပဲ ဦးဦးကို ပိုက်ဆံတွေအမ်းလိုက်တယ်။ဦးဦးကလည်း အသာတကြည်ပဲ ယူလိုက်တယ်ဗျ။သားတော်တော်အံ့သြမိတယ်။ဦးဦးကို
မျက်ခြည်မပျက်ကြည့်နေမိတော့ ဦးဦးပေးလိုက်တဲ့ပိုက်ဆံက ထောင်တန်မဟုတ်ပဲ ငါးရာတန်ဆိုတာ
သားတွေ့လိုက်တယ်လေ။အခုကြတော့ဦးဦးက မှားနေတယ်လို့ပြန်လည်းမပြောပါလား။ဘာလို့လည်း သားမြင်တာတော့မမှားဘူးဆိုတာ
သေချာပါတယ်။တအံ့တသြနဲ့အဖြေရှာမရဖြစ်နေတဲ့သားရှေ့မှာ တစ်ရာတန်လေးတစ်ရွက်ရောက်လာတယ်။
“ရော့…..ကလေး..မင်းအတွက်တဲ့….”ဦးဦးကပြောရင်းပေးနေတယ်။ဆိုင်ရှင်အဒေါ်ကြီးအမ်းလိုက်တဲ့
ငွေတွေထဲကပေါ့။ဦးဦးနဲ့သား
မျက်လုံးချင်းထပ်ဆုံမိပြန်တယ်။ဦးဦးကို တစ်လှည့် ရှေ့မှာရောက်နေတဲ့ ရာတန်လေးကို တစ်လှည့်ကြည့်ရင်း
သားမျက်လုံးထဲမှာမြင်နေတာက လိပ်ပြာလေးတွေ…… လိပ်ပြာလေးတွေ…..။
No comments:
Post a Comment