သမီးရေ……..
ဟုတ်ကဲ့…လာပါပြီ
မေမေ…….
အလုပ်လုပ်နေရင်း
ကြားလိုက်ရတဲ့ အသံလေးကြောင့် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်။ကျွန်တော်အလုပ်လုပ်တဲ့
ဆိုင်မှာပဲ ဆရာတို့မိသားစုနေကြတာမို့ ဆရာ့သမီးငယ် လေးနှစ်အရွယ်ကလေးလေးရဲ့ တီတီတာတာစကားသံတွေနဲ့
ကျွန်တော်ရင်းနှီးနေရတယ်လေ။ဟုတ်ကဲ့ လာပါပြီဆိုတဲ့စကားသံလေး ထွက်လာပေမယ့် လူကတော့ ကွန်ပျူတာရှေ့မှာ
ဂိမ်းအဆော့မပျက် တမက်တမောလေး ဆော့နေတာပါ။ဂိမ်းပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင်
ကစားတတ်နေတဲ့ ကလေးငယ်ကို ကြည့်ရင်း အခုခေတ်ကလေးငယ်လေးတွေနဲ့ ကျွန်တော်တို့ငယ်စဉ်က ကွာခြားချက်လေးတွေကို
ကျွန်တော်တွေးမိ သတိထားမိလာပါတယ်။ကျွန်တော်တို့ငယ်ငယ်ကဆို သူငယ်ချင်းတွေတစ်စုတစ်ဝေးနဲ့
ကစားနည်းပေါင်းစုံ ကစားခဲ့ကြတာပါ။ညဖက် လမ်းမတွေပေါ်မှာ အောင်သူ အောင်သူ လို့ ၀မ်းသာအားရ
အော်ဟစ်ရင်း ထုပ်ဆီးတိုးတမ်းကစားခဲ့ကြသလို…..ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ် ဆိုတဲ့အသံတွေလည်း
ညံခဲ့ကြပါတယ်။နေ့လည်နေ့ခင်းဆိုရင်တော့ တူတူပုန်းတမ်းတို့ စစ်တိုက်တမ်းတို့ဆော့နေတာကို
မြင်နိုင်သလို…..ကလေးတွေအသံတိတ်လှချည်လားဆိုပြီး တွေးမိလို့ ကြည့်လိုက်ရင်လည်း အိုးပုတ်
ချိုးရုပ် နဲ့ဆော့ရင် ဆော့ မဟုတ်ရင် ဇယ်တောက်ရင်း ပေသီးထုရင်း ပျော်ရွှင်နေကြတဲ့ကလေးငယ်တွေကို
တွေ့ရမှာပါ။လူကြီးမိဘတွေ ကိုယ့်အထက်က အမတွေ အကိုတွေရဲ့ ရုံးပိတ်ကျောင်းပိတ်ရက်တွေဟာလည်း
ကလေးငယ်တွေရဲ့ ပျော်စရာအချိန်များပါပဲ။
မိသားစု တစ်စုတစ်ဝေးကြီး လျှောက်လည်ရတယ်လေ။နည်းနည်းလေး အရွယ်ရောက်လို့ ကျောင်းနေရတော့မယ်ဆိုလည်း တနေကုန်ကျောင်းမှာစာသင် အိမ်ပြန်ရောက်တာနဲ့ ကလေးတွေအတွက် နားချိန်ပါပဲ….။မိဘကို တတ်နိုင်တာလေး ကူလုပ်ပေး …အိမ်စာပါရင် အိမ်စာလုပ်..ပြီးရင်တော့ သူငယ်ချင်းတွေစုပြီး ကစားကြတာပါပဲ။အိမ်ပြင်မှာ ဆော့လွန်းရင် ထိခိုက်မိမှာ စိုးရိမ်တဲ့ မိဘများကတော့ ကိုယ့်ရင်သွေးလေးတွေ အိမ်မှာ ပျော်အောင်ဆိုပြီး စာဖတ်တဲ့အကျင့်လည်းရအောင် ရွှေသွေး၊တေဇ၊မိုးသောက်ပန်း စတဲ့ ကလေးစာပေလေးတွေပေးဖတ်ထားတတ်တာပါ။ညအိပ်ရာဝင်ပုံပြင်ဆိုတာကတော့ ကလေးတွေရဲ့အမက်မောဆုံး အရာလေးတွေပေါ့။
မိသားစု တစ်စုတစ်ဝေးကြီး လျှောက်လည်ရတယ်လေ။နည်းနည်းလေး အရွယ်ရောက်လို့ ကျောင်းနေရတော့မယ်ဆိုလည်း တနေကုန်ကျောင်းမှာစာသင် အိမ်ပြန်ရောက်တာနဲ့ ကလေးတွေအတွက် နားချိန်ပါပဲ….။မိဘကို တတ်နိုင်တာလေး ကူလုပ်ပေး …အိမ်စာပါရင် အိမ်စာလုပ်..ပြီးရင်တော့ သူငယ်ချင်းတွေစုပြီး ကစားကြတာပါပဲ။အိမ်ပြင်မှာ ဆော့လွန်းရင် ထိခိုက်မိမှာ စိုးရိမ်တဲ့ မိဘများကတော့ ကိုယ့်ရင်သွေးလေးတွေ အိမ်မှာ ပျော်အောင်ဆိုပြီး စာဖတ်တဲ့အကျင့်လည်းရအောင် ရွှေသွေး၊တေဇ၊မိုးသောက်ပန်း စတဲ့ ကလေးစာပေလေးတွေပေးဖတ်ထားတတ်တာပါ။ညအိပ်ရာဝင်ပုံပြင်ဆိုတာကတော့ ကလေးတွေရဲ့အမက်မောဆုံး အရာလေးတွေပေါ့။
အခုခေတ် ကျွန်တော့်မျက်စိရှေ့မှာ
ကြီးပြင်းလာတဲ့ကလေးငယ်အများစုကတော့….သူတို့လေးတွေရဲ့အချိန်တော်တော်များများကို Television
နဲ့ Computer ရှေ့မှာပဲကုန်ဆုံးနေကြတာကိုတွေ့ရပါတယ်။တိုးတက်လာတဲ့ခေတ်ကို အမှီလိုက်ရင်း
လူကြီးတွေအကုန်လုံးအိမ်ပြင်ထွက်စီးပွားရှာနေကြတဲ့အချိန်ကာလမို့ အိမ်မှာထားခဲ့ရမယ့်
သားငယ်သမီးငယ်လေးတွေကို အပြင်မှာလည်းထွက်မဆော့နိုင်အောင် ကွန်ပျူတာ၊ TV တွေရှေ့မှာ
စိတ်ချလက်ချထားခဲ့တဲ့ မိဘတွေဒုနဲ့ဒေးပါ။စီးပွားရေးလုပ်နေရလို့ အရင်လို နားရက်ပိတ်ရက်ဆိုတာ
မရှိတော့လို့ သားသမီးတွေကိုလည်း အချိန်မပေးနိုင်ကြတော့ပါဘူး။တနေ့တနေ့ လေးထောင့်ဖန်သားပြင်တွေနဲ့ပဲ
အဖော်ပြုရတဲ့ကလေးငယ်လေးတွေမှာ အပေါင်းအသင်းလည်း ရှားပါးလာသလို…..အရွယ်လေးငယ်သေးပေမယ့်
သိတာတတ်တာတွေလည်း များလာပါတော့တယ်။တီဗွီကလာတဲ့ channel ကိုကလေးငယ်လေးတွေ ကြည့်ရမယ့်လိုင်းရွေးပြီး
ချိန်ထားခဲ့ပေးရင် ရတဲ့ ကလေးလေးတွေမဟုတ်ကြတော့ပါဘူး။သူတို့လေးတွေကိုယ်တိုင် ရီမုတ်ကိုင်ပြီး
လိုင်းရွေးတတ်နေကြပါပြီ။ကျွန်တော်တို့ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ ရွှေယုန်..ရွှေကျားတို့
ကမ္ဘာ့လိပ်မကြီးတို့လို ပုံပြင်တွေကို အပင်ပန်းခံပြီးပြောပြ ချော့သိတ်နေစရာလည်း မလိုတော့ပါဘူး…..ကာတွန်းခွေလေးထိုးပြလိုက်ရင်
ပြီးသွားတာပါပဲ။မိသားစုရင်းနှီးနွေးထွေးမှုတွေ တဖြည်းဖြည်းလျော့နည်းလာသလိုပဲ ကျွန်တော်ခံစားရပါတယ်။
TV တစ်ခုထဲလားဆိုတော့လည်း မဟုတ်သေးပါဘူး…..ကလေးတို့အတွက် ဂိမ်းပေါင်းများစွာကို မထတမ်းကစားလို့ရတဲ့
ကွန်ပျူတာနဲ့လဲ ကလေးလေးတွေက မစိမ်းပါဘူး။အပြင်မှာ အော်ဟစ်ဆော့ကစားနေမယ့်ကလေးလေးတွေကို
မြင်ရမယ့်အစား ကွန်ပျူတာရှေ့မှာ ဂိမ်းတစ်ခုခုကို ကြိုးစားပမ်းစားကစားနေတဲ့ ကလေးလေးတွေကို
မြင်ရတာပိုများလာပါတယ်။ဂိမ်းကစားလွန်းလို့ အရွယ်လေးနဲ့မလိုက် ဇက်ကြောတက်တာ…ဇက်ခိုင်ပြီး
ခေါင်းနာနေတာ…..မျက်ကွင်းလေးညိုနေတတ်တာ……အဲလိုတွေ
ခံစားနေရတဲ့ကလေးလေးတွေကိုလည်း စိတ်မချမ်းသာစရာတွေ့လာရပါတယ်။ဂိမ်းကစားတာ
မကောင်းဘူးလို့ ကျွန်တော်မဆိုလိုပါဘူး…..တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားလေးလို့ပေါ့….။ဂိမ်းကို
စိတ်နှစ်ကစားရင်း ဂိမ်းထဲကို မျောပါခံစားသွားရသူတွေရှိပါတယ်။ဂိမ်းအမျိုးအစား များစွာရှိတဲ့အထဲမှာ
ပညာလည်းရ အပျင်းလည်းပြေတဲ့ကစားနည်းတွေရှိသလို…..တခါတလေ ဘာကြောင့်များ ဒီလိုဂိမ်းကို
ထုတ်ထားပါလိမ့်လို့ နားမလည်နိုင်အောင် ဖြစ်ရတဲ့ဂိမ်းတွေလည်း ရှိပါတယ်။Counter
Strike ကစားရင်း သေနတ်ပစ်ရတာကို စွဲလမ်းသွားတဲ့ကျောင်းနေအရွယ်လူငယ်လေးက သူပညာသင်ရာ
ကျောင်းမှာ ဆရာဆရာမတွေနဲ့အတန်းဖော်တွေကို သေနတ်နဲ့ပစ်သတ်တဲ့ ပြည်ပနိုင်ငံကသတင်းကို
ဖတ်ရလို့ စိတ်မချမ်းသာဖြစ်မိတဲ့ ကျွန်တော်…..ပြီးခဲ့တဲ့ရက်က ဂျာနယ်တစ်စောင်မှာ ကြော်ငြာထားတဲ့
ဂိမ်းအသစ်လေးကို တွေ့တော့ စိတ်ပျက်လက်ပျက်ပါဖြစ်လာရပါတယ်။အဲဒီ့ဂိမ်းမှာအဓိက ဇာတ်ဆောင်က
ဆယ်နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်လေးပါ။ ကလေးက စိတ္တဇလူသတ်သမား အသေးစားလေးပေါ့။ သတ်ရမယ့်သူတွေကို
စနစ်တကျ အကွက်ချပြီး သတ်ရတဲ့ ဂိမ်းပါတဲ့……။ကလေးလေးတွေစိတ်မှာ ဂိမ်းကစားရင်း ဘယ်လိုစိတ်တွေဝင်လာမလဲ……..ကျွန်တော်တွေးတိုင်း
စိတ်မသက်မသာဖြစ်ရပါတယ်။ပညာရေးအဆင့်တွေမြင့်မားလာလို့ ကျောင်းတက်ရုံနဲ့မပြီးတော့ပဲ
ကျောင်းကပြန်လာ
ကျူရှင်၊ ကျူရှင်ပြီးတော့ ဂိုက်တီချာ လာပါရော……ကျောင်းပိတ်တဲ့ရက်တွေမှာတော့ စနေ၊တနင်္ဂနွေတန်းခွဲ
ဆိုတာတွေ Speaking သင်တန်းဆိုတာတွေနဲ့ နဘမ်းလုံးနေရတဲ့ ကလေးငယ်လေးတွေ မိသားစုနဲ့အတူနေ
ပျော်ရွှင်ရတဲ့အချိန်နည်းပါး ရှားပါးလာနေတဲ့ ကလေးငယ်လေးတွေ……..ကျွန်တော်တွေးမိသမျှ ကလေးလေးတွေဘ၀ပြောင်းလဲလာပုံကို
မြင်လာရင်း ကျွန်တော်တို့ငယ်စဉ်က ကလေးတွေထက် အခုခေတ်မှာ ပိုပြီး တော်လာတတ်တာကြတာကိုလည်း
သဘောကျမိသလို…..ခုနက တွေးမိတဲ့သူတို့လေးတွေ လက်လွှတ်ဆုံးရှုံးနေရတာတွေကိုလည်း စိတ်မကောင်းဖြစ်မိရင်း……………
(ကလေးတို့သဘာဝ
လွတ်လပ်စွာပျော်ရွှင်ဆော့ကစားနေတဲ့ ကလေးလေးတွေအများကြီး ရှိနေသေးသလို ကျွန်တော်ပြောပြခဲ့သလို
လှုပ်ရှားသွားလာနေတဲ့ ကလေးလေးတွေလည်း ရှိလို့ သူတို့လေးတွေကို ရည်ရွယ်ပြီး ကျွန်တော်ခံစားမိသမျှလေးပါ….)
No comments:
Post a Comment