Tuesday, March 25, 2014

ကဗျာဆိုတာ မြစ်တစ်စင်းဖြစ်ခဲ့လျှင်



ကဗျာဆိုတာ မြစ်တစ်စင်းဖြစ်ခဲ့လျှင် ဆိုတဲ့ခေါင်းစဉ်လေးတွေ့တာနဲ့ ဒီတစ်ခါကျွန်တော်ရေးမယ့် အကြောင်းအရာလေးက ကဗျာလေးတွေအကြောင်းဆိုတာ ကျွန်တော့်သူငယ်ချင်းတွေရိပ်မိပြီးဖြစ်နေမှာပါ။ဒီရက်ပိုင်း ကျွန်တော် ကဗျာမှော်ဝင်နေတယ်လို့ ပြောလို့ရပါတယ်။ကဗျာတွေဖတ်ရတာ တော်တော်သဘောကျနေမိတယ်။
ကျွန်တော်နဲ့ စာအုပ်လေးတွေ ခင်မင်ရင်းနှီးသလိုပဲ…..ကဗျာလေးတွေနဲ့လည်း ကျွန်တော်မစိမ်းပါဘူး။ကျွန်တော့်ကို ကဗျာဝါသနာပါအောင် ကဗျာမျိုးစေ့ ချပေးခဲ့တာကတော့ ကျွန်တော့ပါပါလေ။ငယ်ငယ်သတည်းက တွေ့သမျှစာအုပ်ဆွဲယူဖတ်တတ်တဲ့ ကျွန်တော် တစ်နေ့တော့ ပါပါ့စာအုပ်စင်ထဲက စာအုပ်လေးတစ်အုပ်ရှာတွေ့ခဲ့ပါတယ်။ရိုးရိုးဗလာစာအုပ်လေးတစ်အုပ်ပေမယ့် အဖုံးမှာရေးထားတာက “ကျွန်တော်ချစ်သော စာအနုနဲ့ ကဗျာတစ်စု” တဲ့လေ။ပါပါက သူသဘောကျတဲ့စာလေးတွေကဗျာလေးတွေကို တစ်စုတစည်းတည်းပြန်ရေးမှတ်ထားတဲ့စာအုပ်လေးပေါ့။အဲဒီ့စာအုပ်လေးထဲက ကျွန်တော်နှစ်သက်တဲ့ကဗျာလေးတွေ သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်။ပထမဆုံးအနေနဲ့ လှိုင်ထိပ်ခေါင်တင် စပ်ဆိုခဲ့တဲ့ကဗျာလေးပါ။
မုန်းဆိုတဲ့ရိပ်သံ
ဓိဌာန်လို့မသုံး
ပန်းတော်ဝင်ပင်ဂမုန်းကိုမှ
နှောင်ကုံးလို့မဆင်……
ကဗျာလေးက တိုပေမယ့် သိပ်လှတဲ့စပ်ဆိုပုံလေးပါ။
နောက်တစ်ပုဒ်က နည်းနည်းတော့ ရယ်စရာကောင်းတယ်။
ကဗျာစာဆိုကြီး ဦးပုည စပ်ဆိုခဲ့တာပါ။ကဗျာလေးဖြစ်ပေါ်လာရတဲ့အကြောင်းရင်းက ဦးကြံဘတ်ဆိုတဲ့ကဗျာစာဆိုတစ်ယောက်နဲ့ ဦးပုညနဲ့က ခေတ်ပြိုင်စာဆိုတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ကဗျာတွေစောင်းချိတ်ရေးရင်း ပြိုင်နေကြတာတဲ့။တစ်နေ့တော့ ဦးကြံဘတ်က ဘုရားဆင်းတုတစ်ခုကို ရွှေချတယ်။သူကလည်း ထူးထူးခြားခြား ဘုရားဆင်းတုရဲ့ခေါင်းပေါ်ကိုတက်ပြီးရွှေချတာဆိုတော့ ဆင်းတုရဲ့နားရွက်ကို တက်နင်းပြီးရွှေချရတာပေါ့။အဲ့ဒီမှာ ဆင်းတုရဲ့ နားရွက်တစ်ဖက်က အလေးချိန်ကြောင့် ကျိုးသွားပဲ့သွားတယ်တဲ့။ဦးပုညကလည်း အခွင့်ကောင်းစောင့်နေတာဆိုတော့ ဘုရားဆင်းတုရဲ့အောက်ခြေမှာ ကဗျာလေးတစ်ပုဒ်သွားရေးထားလိုက်တယ်လေ။ကဗျာလေးက….
တကာကြံဘတ်
ငါ့နားရွက်ကို
နင်းတက်ချိုးသွား
ရွှေတပြားနှင့်
ငါကားမကျေ
ကြံဘတ်ရေ
နားရွက်ယူခဲ့
ရွှေခွာလှဲ့…………
ကဗျာလေးက တရားခံကိုဖော်ထုတ်ပေးနေသလို……ချစ်စရာကောင်းတယ်လို့လည်းကျွန်တော်ခံစားရတယ်။
ပါပါ့စာအုပ်လေးထဲမှာ နောက်ထပ်နောက်ထပ် သိပ်ကောင်းတဲ့ကဗျာလေးတွေအများကြီး ကျွန်တော်ဖတ်ဖြစ်ရင်း ကဗျာပိုးဝင်သွားတော့တာပါပဲ။ကဗျာဆရာ တင်မိုးရဲ့ ကဗျာတိုတိုလေးတွေကလည်း ကျွန်တော့်ကို ဆွဲဆောင်ပါတယ်။
ကောင်မကလေး နက်ခြောက်ခြောက်
မြေပဲတစ်တောင့်ကောက်
အမောက်မလေး လှယဉ်မှုး
ဖောင်တိန်လေးနဲ့မြူး………
ကဗျာလေးမှာ တောသူမလေးတစ်ယောက်နဲ့ မြို့သူကောင်မလေးတစ်ယောက်ကို ခိုင်းနှိုင်းသွားတာလေး သိပ်လှတယ်လေ။
ကလေးကဗျာလေးတစ်ပုဒ်ကလည်း ချစ်စရာကောင်းသေးတယ်…..
ငှက်ပျောညိုစစ်သားကွဲ့
ချစ်သနားစရာနော်
ငှက်လူပျိုတော်။
ယုန်ကလေးမတ်မဟော်
ဇော်ဂျီက၀န်ကြီး။
မျက်လုံးတော်ပေကလပ်နဲ့
ကျောက်ထပ်ပလ္လင်ပြင်က
ရှင်ဘုရင်ကိုယ်တော်မျောက်ကယ်
ငေါက်တောက်အမြီး။ ။
အလုပ်ကိုကြိုးစားပမ်းစားလုပ်တတ်တဲ့ ပုရွက်ဆိတ်လေးအကြောင်း ကဗျာလေးက ဒီလို……
ဆိတ်ဆိတ်ငြိမ်၍
နေအိမ်အတွက် မြေစာယက်လျှက်
ဝမ်းတွက်ရိက္ခာ စုပေါင်းကာဖြင့်
ဝမ်းသာဝမ်းမြောက် ခြေဖျားထောက်သည်
ယောင်္ကျားဘသား ပုရွက်ဆိတ်။ ။
အဲ့ဒီလိုကဗျာ လှလှလေးတွေဖတ်ရင်း ကဗျာစပ်ချင်တဲ့စိတ်တွေပေါ်လာတော့တာပါပဲ…..။ကျွန်တော်က ပါပါ..သမီးလည်း ကဗျာရေးချင်တယ်ဆိုတော့ …ပါပါက ရေးပေါ့သမီးရယ်တဲ့။ကျွန်တော်ကဗျာရေးမယ်ဆိုတော့ မေမေက ရယ်ပါတယ်။ဟုတ်တော့ဟုတ်တယ်လေ…ကျွန်တော်ကဖြင့် အသက်လေးလက်တောက်လောက်ရှိသေးတာကို ကဗျာတွေဘာတွေရေးမယ်ဆိုတော့ မေမေက ရယ်တာပေါ့။ကျွန်တော်ပထမဆုံးရေးတဲ့ကဗျာလေး သူငယ်ချင်းတို့ကို ရေးပြပါမယ်။ကျွန်တော်ထင်ပါတယ်….သူငယ်ချင်းတို့လည်း မေမေ့လိုပဲ ရယ်နေမှာပါ…J..။
မီးမီးလေးရဲ့ မွေးနေ့မှာ
သူငယ်ချင်းများ စုံလင်စွာ
ပျော်ရွှင်စွာ လက်ခုပ်တီး
ကိတ်မုန့်ကြီးကို ဓါးနဲ့လှီး….
အဲ့ဒါ ကျွန်တော့်ရဲ့ ပထမဆုံးရေးတဲ့ကဗျာလေးပါ။ဘာအကြောင်းအရာလေးမှ မဟုတ်ပေမယ့်လည်း ကျွန်တော်အခုထိ သတိရမိတိုင်းပြုံးမိရတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့။
ကျွန်တော်ကဗျာရေးတော့ ပါပါက သူရေးတဲ့ကဗျာလေး ကျွန်တော့်ကို ပေးဖတ်တယ်လေ။
ပညာငမွဲ ဥာဏ်ဆင်းရဲကား
အိမ်တွင်း၌သာ ဂုဏ်ရှိပါဧ။် ။
ဥစ္စာပေါကြွယ် သူဌေးဝယ်ကား
နယ်တွင်း၌သာ ဂုဏ်ရှိပါဧ။် ။
ရေမြေ့သနင်း ပြည့်ရှင်မင်းကား
ပြည်တွင်း၌သာ ဂုဏ်ရှိပါဧ။် ။
ပညာပဂေး ဥာဏ်သူဌေးကား
နီးဝေးမဟူဤဇမ္ဘူဝယ်
ပြိုင်သူဘက်ကင်း ဂုဏ်ရောင်လင်းဧ။် ။
ပညာရေးနဲ့ပါတ်သက်ပြီး ပါပါပေးတဲ့ အသိလေးကျွန်တော်ရခဲ့ပါတယ်။နောက်ထပ်ပညာရေးနဲ့ဆိုင်တဲ့ကဗျာလေး တစ်ပုဒ်ရှိပါသေးတယ်။ကျွန်တော့်ဘိုးဘိုးရေးထားတာပါ။
သင့်အား သင်ပေး သင့်စာလေးကို
သင်ရေး သင်ဖတ် သင်မမှတ်လျှင်
သင်သတ် သင့်ကိုယ် သင့်အလိုတည်း
နောင်ကို သိမှ သတိရလည်း
ချိန်လွန်ပြီးမို့ ရွှေရင်ဆို့လိမ့်…….
ကဗျာလေးတွေမှာ သူတို့ပေးချင်တဲ့ message ကို စကားလုံးလှလှလေးနဲ့ ချည်နှောင်ရတဲ့ပညာကလည်း မသေးပါဘူး။အသက်လေးကြီးလာတော့ ကျွန်တော်ဖတ်ရတဲ့ ကဗျာလေးတွေလည်းပြောင်းလာပါတယ်။အရင်လို ကာရန်ထပ်ကဗျာလေးတွေမဟုတ်တော့ပဲ….မော်ဒန်ကဗျာ…ပိုစ်မော်ဒန်ကဗျာတွေ ခေတ်စားလာခဲ့ပါတယ်။
ကျွန်တော်သဘောကျတဲ့ကဗျာတော်တော်များများက ဆရာတာရာမင်းဝေရေးတဲ့ကဗျာလေးတွေပါ။ကျွန်တော်တစ်ပုဒ်လောက် ရွေးပြီး ရေးပြချင်ပါတယ်။
ယေဘုယျဝိညာဉ်..ဆိုတဲ့ကဗျာလေးပါ။
ငါ့ကိုတော့ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ….။
မင်းကသာ ဟိုဘက်က အပ်နဲ့မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ….။
ငါက…
တွေ့နေကျ မြင်နေကျ ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ် ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ကောင်မျိုး…။
ဆောင်းတစ်ခုမှာ ပါဝင်ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်…။
ငါက သာမညလူ …ငါက ယေဘုယျလူ
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ်ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ…။
ဘယ်သူကမှ မသိဘူးဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကိုသိတာပေါ့ကွယ်….။ ။
ကျွန်တော် ဒီရွာလေးထဲရောက်တော့လည်း ကဗျာလေးတွေ စိတ်တိုင်းကျ ဖတ်ခွင့်ရနေပြန်ပါရော..။ကဗျာရေးသူ သူငယ်ချင်းမောင်နှမတွေရဲ့ ကဗျာလှလှ လေးတွေဖတ်ရင်း ကျွန်တော်စိတ်ကျေနပ်ရပါတယ်။ကဗျာဆိုတာ မြစ်တစ်စင်းဖြစ်ခဲ့ရင် ကျွန်တော်ကတော့ အဲ့ဒီမြစ်ထဲမှာ ပျော်ရွှင်စွာ ကူးခတ်နေတဲ့ ပုဇွန်တစ်ကောင်ပေါ့……:P ။

No comments:

Post a Comment